ကျိုက်ထိုတွင် စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ ညအချိန် လူငယ်များကို ဝင်ဖမ်း

ဓါတ်ပုံ- Crd

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယမန်နေ့ မတ်လ ၁၈ ရက်နေ့၊ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်၊ ရဲ ပူးပေါင်းတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်များမှ လူငယ်များကို ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ​ဒေသခံများထံက သိရသည်။

စစ်မှုထမ်းဆောင်ရန် မဲပေါက်သည်ဟုဆိုကာ ယမန်နေ့ မတ်လ ၁၈ ရက်နေ့၊ ည ၁၁ နာရီကျော်အချိန်မှစ၍ ညဥ့်နက်သန်းခေါ်ကျော်သည်အထိ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်၊ အောင်ချမ်းသာ၊ ကော့စံနိုင်၊ မြောက်ပိုင်းရပ်ကွက်တို့မှ ဒေသခံလူငယ်များကို ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

” မဲက ကိုယ်တိုင်လည်း မနှိုက်ရဘူး။ ဘယ်အချိန်နှိုက်လိုက်တယ်ဆိုတာလည်း မသိရဘူး။ သူတို့ဘာသာ သူတို့ နှိုက်ပြီး မဲပေါက်တယ်ဆိုပြီး ညက မီးဖြတ်ပြီး ဝင်ဖမ်းတာ။ ည ၁၁ ကျော်လောက်ကနေ စခေါ်တယ်။ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီးလုပ်တာပေါ့ကွာ။ ဟိုကောင်တွေက (စစ်ကောင်စီတပ်သား) အတိအကျမှ မသိတာ။ အခု မြို့ထဲက လူတွေ တော်တော်ကြောက်နေကြပြီ” ဟု ကျိုက်ထိုမြို့ခံတဦးက ပြောသည်။

အောင်ချမ်းသာရပ်ကွက်မှ ငါးဦး၊ မြောက်ပိုင်းရပ်ကွက်၊ ငယ်ဒိုးကျေးရွာမှ သုံးဦး၊ ကော့စံနိုင်ရပ်ကွက်မှ နှစ်ဦး၊ ကော့စံနိုင်ရပ်ကွက် ကျွဲတဲပိုင်းမှ သုံးဦးဖက္ကလိပ်ကျေးရွာမှ သုံးဦး၊ ဇေယျာမွန်ရပ်ကွက်မှ နှစ်ဦးအပါအဝင် ကျိုက်ထိုမြို့ပေါ်မှ လူငယ် အမျိုးသား ၂၀ ဦးဝန်းကျင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် စစ်ကောင်စီတပ်၊ ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ကျိုက်ထိုမြို့ပေါ်ရပ်ကွက်များအပါအဝင် အနီးအနား ကျေးရွာများရှိ ဒေသခံ လူငယ်များသည် မတ်လ ၁၇ ရက်နေ့က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လက်ခံရရှိကြကြောင်း ဒေသခံထံက သိရသည်။

အဆိုပါ ဆင့်ခေါ်စာအရ ဆင့်ခေါ်ခံရသူသည် မတ်လ ၁၉ ရက်နေ့မှသာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်း စာရင်းသွင်းရန် မှတ်ပုံတင်မူရင်းနှင့်တကွ အချက်အလက်များ ဖြည့်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

” အခုက လူတွေ တော်တော်ပါသွားတယ်။ ပြောတုန်းက ၁၉ ရက်နေ့မှ စာရင်းပေးရမှာ Form ဖြည့်ရမှာဆိုပြီးတော့ အခု ဝင်ခေါ်သွားတာ။ ခေါ်တာတောင် လူမပြေးနိုင်တဲ့အချိန် ညဥ့်သန်းခေါင်ကျမှ။ အခု ဝင်ခေါ်ခံရတဲ့သူတွေက လူရှိရင် လူပါသွားတယ်၊ လူမရှိရင် အုပ်ထိန်းသူက ရုံးသွားတွေ့ရဦးမယ်။ ကော့စံနိုင်က တယောက်ဆို ထိုင်းရောက်နေလို့ ဒီနေ့ သူ့အမေ ရုံးကို သွားရမယ်” ဟု ကျိုက်ထိုမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

ဖမ်းဆီးသွားသည့် လူငယ်များအား ကျိုက်ထိုမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ (၉၆) အတွင်း ခေါ်ဆောင်သွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ပုံမှန်ကာလများတွင် ကျိုက်ထိုမြို့ပေါ်၌ လူငယ်များသည် ဆိုင်ကယ်များဖြင့် သွားလာပျော်ပါးခြင်းများရှိသော်လည်း ယခုရက်ပိုင်းအတွင်း အပြင်ထွက်သူ သိသိသာသာ လျော့နည်းလာကာ စစ်ကောင်စီက ကျိုက်ထိုမြို့တွင်းသို့ ဝင်ရောက်နိုင်သည့် တံတားဖြူ၊ ကျိုက်ပိရွာထိပ်တို့တွင် အုပ်စုလိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ​၏ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)နှင့် PDF တပ်ရင်း (၇၈၀၅)၊ တပ်ခွဲ (၄) တို့က သတိပေးထုတ်ပြန်ထားခြင်းရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)