WWE နပန်းရှိုးကို ထုတ်လွှင့်ပြသဖို့ Netflix က ဒေါ်လာ ၅ ဘီလီယံ သုံးစွဲ

Netflix ဟာ အားကစားပြိုင်ပွဲတွေထဲ ပိုမိုချဲ့ထွင်လာတဲ့အနေနဲ့ Streaming ကုမ္ပဏီကြီးဟာ ပရော်ဖက်ရှင်နယ်နပန်းလောကမှာ သြဇာကြီးမားလှတဲ့ WWE နဲ့ ကာလရှည် ထုတ်လွှင့်မှု စာချုပ်ကို အင်္ဂါနေ့မှာ ချုပ်ဆိုခဲ့ပါတယ်။

Netflix ဟာ ၁၉၉၃ ကတည်းက ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ WWE ရဲ့ အဓိက အစီအစဉ် “Raw” ကို ၂၀၂၅ မှာ အမေရိကန်မှာ စတင်ပြီး ဝင်ရောက်ကြည့်ရှုနိုင်မယ့် တဦးတည်းသော ပလပ်ဖောင်းဖြစ်လာပါလိမ့်မယ်။

သဘောတူညီချက်အရ ၎င်းတို့ မူပိုင်ခွင့်တွေ ရရှိလာတာနဲ့အမျှ ကမ္ဘာတဝန်းက WWE ရှိုးတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပွဲတွေကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

ဒေါ်လ ငါးဘီလီယံအတွက် ကနဦး ၁၀ နှစ်သက်တမ်းနဲ့အတူ သဘောတူစာချုပ်ဟာ Netflix အတွက် နောက်ထပ် ၁၀ နှစ်သက်တမ်းတိုးခွင့် ဒါမှမဟုတ် ကနဦး ငါးနှစ်အကြာမှာ သက်တမ်းတိုးဖို့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

WWE ရဲ့ မိခင်ကုမ္ပဏီ TKO ဥက္ကဋ္ဌ မာ့ခ်ရှာပီယာရိုက “ဒီသဘောတူညီချက်က အသွင်ကူးပြောင်းမှုတခုဖြစ်တယ်။”လို့ ပြောပါတယ်။

“Netflix ရဲ့ ထူးခြားတဲ့ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှု၊ ဘဏ္ဍာရေးကဏ္ဍတွေမှာ နှစ်ပေါင်းများစွာ တည်ငြိမ်စိတ်ချမှုနဲ့အတူ WWE နဲ့ Netflix အကြား ပူးပေါင်းဆောင်ရွက်မှုက အလွန်စွဲဆောင်မှုရှိတဲ့ WWE ထုတ်ကုန်ကို ကြည့်ရှုသူတွေ လက်လွတ်မခံသင့်ပါဘူး”လို့ သူက ဆက်ပြောခဲ့ပါတယ်။

WWE ရဲ့ သုံးနာရီကြာ “Raw” ရှိုးက ဒွိန်း “The Rock” ဂျွန်ဆင်၊ “Stone Cold” စတိဗ်အော်စတင်နဲ့ ဂျွန်စီနာနဲ့ တခြားကြယ်ပွင့်တွေရဲ့ ပရိုဖက်ရှင်နယ်ဘဝကို စတင်ဖို့ ကူညီပေးခဲ့ပါတယ်။

၎င်းဟာ အမေရိကန်ပြည်ထောင်စုရှိ NBCUniversal ပိုင်ဆိုင်တဲ့ USA ကွန်ရက်မှာ လက်ရှိကြည့်ရှုမှု အများဆုံးရှိုးဖြစ်ပါတယ်။

ရုပ်သံအဆင့်သတ်မှတ်ချက်တွေမှာ WWE ရဲ့ အလွန်အောင်မြင်မှုဟာ စွန့်ဦးတီထွင်သူနဲ့ မြှင့်တင်သူ ဗင့်စ် မက်စ်မက်ဟွန်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ဖြစ်ပါတယ်။

သူ့ဖခင်ထံမှ ကမ္ဘာ့နပန်းအဖွဲ့ချုပ် (WWF) ကို ၁၉၈၂ မှာ ဝယ်ယူပြီးနောက် သူဟာ ဒုတိယအဆင့်လိဂ်ကို ဖျော်ဖြေရေးကုမ္ပဏီကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

၂၀၀၂ မှာ World Wrestling Entertainment အဖြစ် ပြောင်းလဲခဲ့ပြီး လိဂ်ဟာ ပြီးခဲ့တဲ့နှစ်မှာ နှစ်စဉ်ရောင်းချမှုတွေမှာ ဒေါ်လာ တဘီလီယံ အမှတ်ကို ကျော်ဖြတ်ခဲ့ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ အားကစားပွဲတွေဟာ ၎င်းတို့ရဲ့ portfolio တည်ဆောက်ဖို့ Streaming ပလပ်ဖောင်းကြီးတွေရဲ့ နောက်ထပ် ဗျူဟာမြောက်လုပ်ဆောင်မှုတခုဖြစ်ပါတယ်။

Netflix ဟာ ပြီးခဲ့တဲ့လက ရာဖေးလ် နဒါးလ်နဲ့ ကားလို့စ် အယ်လ်ကာရာ့ဇ်တို့ကြား တင်းနစ်ပွဲတပွဲကို မူပိုင်ပြသခွင့်ရရှိခဲ့ပြီး ဂေါက်ရိုက်ပြိုင်ပွဲနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲတွေကို အရင်ကလည်း  ထုတ်လွှင့်ခဲ့ပါတယ်။

Amazon က ဟော်ကီမှ ဘတ်စကတ်ဘောအထိ ဒေသတွင်း အားကစားဆိုင်ရာ မူပိုင်ခွင့်တွေ ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုရှိ ဒေသတွင်း အားကစားလိုင်းတွေရဲ့ ထိပ်တန်းကွန်ရက်ဖြစ်တဲ့ Diamond Sports Group မှာ ဒေါ်လာ ၁၁၅ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

၎င်းဟာ အင်္ဂလိပ်ပရီးမီးယားလိဂ်၊ ပြင်သစ်လီဂူးဝမ်း၊ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲနဲ့ NFL အမေရိကန်ဘောလုံးလိဂ်တို့မှာ အချို့သော မူပိုင်ခွင့်တွေကို အရင်က ရရှိခဲ့ပါတယ်။

Apple TV ဟာ အမေရိကန်မေဂျာလိဂ်အတွက် ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်တွေကို ပိုင်ဆိုင်ထားပါတယ်။