မီဇိုရမ်ပြည်နယ်ရောက် စစ်ကောင်စီတပ်သားများအား နောက်ထပ်လေယာဥ်ဖြင့် ထပ်မံခေါ်ဆောင်

ပုံအညွှန်း။ ​။ ယနေ့ ဇန်နဝါရီ ၂၄ရက်တွင် မီဇိုရမ်ရောက် စစ်ကောင်စီတပ်သားများအား ခေါ်ဆောင်စဥ် /ဓာတ်ပုံ။ ​။ khonumthung

ကိုခင်မောင်

(မဇ္စျိမ)။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများအား ယနေ့ ဇန်နဝါရီ ၂၄ရက်တွင် အခြားလေယာဥ်တစီးဖြင့် စစ်ကောင်စီတပ်မှ ထပ်မံခေါ်ဆောင်သွားကြောင်း မီဇိုရမ် သတင်းများနှင့် မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များထံမှသိရသည်။

“မနေ့က လေယာဥ်လမ်းချော်တိမ်းမှောက်မှုမှာပါဝင်တဲ့ စစ်သားတွေကို ဒီနေ့လာခေါ်တယ်။ ဒီနေ့ နေ့လယ်ပိုင်းလောက်က လေယာဥ်တစီးနဲ့ လာခေါ်သွားတာပါ။လေယာဥ်အက်စီးဒင့်ကြောင့် စစ်သားနှစ်ယောက်က ဒဏ်ရာတော်တော်ပြင်းထန်တယ်လို့ကြားပါတယ်။ ဒဏ်ရာရတဲ့သူတွေရော ကျန်ရှိတဲ့သူအကုန်လုံးကို ပြန်ခေါ်တာပါ။” ဟု မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်တဦးမှ မဇ္စျိမအားပြောသည်။

ယမန်နေ့ ဇန်န၀ါရီလ ၂၃ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများကို လာရောက်သယ်ယူမည့် စစ်ကောင်စီ၏ Y-8 အမျိုးအစား လေယာဉ်အမှတ် 5821သည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး လဲန်းပွီးလေဆိပ်တွင် ပြေးလမ်းချော်ပြီးတိမ်းမှောက်ပျက်စီးသွားခဲ့သည်။

ထို့ကြောင့် ယနေ့ ဇန်နဝါရီလ ၂၄ရက်တွင် နောက်ထပ်လေယာဥ်တစီးဖြင့် ကျန်ရှိနေသော စစ်ကောင်စီတပ်သား ၉၂ ဦးနှင့် လေယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားသော စစ်သား ၁၄ဦးတို့အား လာရောက်ခေါ်ဆောင်သွားသည်ဟု Bengvarna ဝပ်ဆိုဒ်မှ မီဇိုရမ်သတင်းတွင်ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ်လေယာဉ် လမ်းချော်တိမ်းမောက်မှုကြောင့် ဒဏ်ရာရသူများအား သယ်ဆောင်သည့် အရေးပေါ်လူနာတင် မော်တော်ယာဉ်သည် လေဆိပ်အထွက်ဂိတ်ရှိ ကုန်းကျော်တံတားအား ဝင်တိုက်မိခဲ့သေးကြောင်း သိရသည်။

ထိုသို့ ကုန်းကျော်တံတားဝင်တိုက်မှုကြောင့် လူနာတင်ယာဥ်ထိခိုက်ပျက်စီးသွားသည့်အပြင် လေဆိပ်သို့ အရေးပေါ်လာနေသော မီးသတ်ကားသည်လည်း အဆိုပါ ကုန်းကျော်တံတားတွင် မဆံ့တော့ကြောင်း မီဇိုရမ်သတင်းအရ သိရသည်။

ရက္ခိုင့်တပ်တော် (AA) နှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦး မီဇိုရမ်ပြည်နယ် ၊လောင်လိုင်ခရိုင် ၊ဗန်သုဘန်ကား ကျေးရွာတွင် ဇန်နဝါရီလ ၁၇ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုမှတဆင့် အိုက်ဇောလ်မြို့ရှိ အာသံရိုင်ဖယ်ဌာနချုပ်သို့ ဇန်နဝါရီလ ၂၁ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၂ရက်တွင် စစ်ကောင်စီတပ်သား ၁၈၄ဦးကို မြန်မာစစ်တပ်လေယာဥ် ဖြင့် လဲန်းပွီလေဆိပ်သို့ လာရောက်ခေါ်ဆောင်ပြီး စစ်တွေမြို့သို့ပို့ဆောင်ခဲ့ကြောင်း All India Radio News က ထုတ်ပြန်ခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)