အင်းလေးဒေသရှိ ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲ

ပုံအညွှန်း-အင်းလေးဒေသ၊ ဘုန်းကြီးကျောင်းတခုတွင် ယခုလအတွင်း မြင်တွေ့ရသည့် ကရင်နီမှ စစ်ဘေးရှောင်များ (ပေးပို့)

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအချို့သည် အင်းလေးဒေသသို့ တိမ်းရှောင်လာကြပြီး ထောင်နှင့်ချီသည့် ဒေသခံများ ဘဝရပ်တည်ရေးနှင့် စားနပ်ရိက္ခာ အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

“၂၀၂၂ တည်းက အင်းလေးမှာ ရှောင်နေတာပါ။ ၂၀၂၃၊ လေးလပိုင်းလောက်က လွိုင်ကော်ပြန်ပြီး လွိုင်ကော်မှာ စစ်ရှောင်ရင်းအလုပ်ပြန်လုပ်ပါသေးတယ်။ အိမ်ကိုတော့မိသားစုလိုက်မပြန်ဘဲ လွိုင်ကော်မှာပဲ စစ်ရှောင်နေခဲ့ပါတယ်။ ၁၁.၁၁ မှာ နောက်ထပ် တမြို့လုံးနီးပါးထပ်ပြေးရပါတယ်။ ဒီတခေါက်ပြေးတာ တော်တော်ကိုခက်ခဲပါတယ်။ အလုပ်အကိုင်မရှိ ကိုယ့်ရွာလို လုပ်ကိုင်ဖို့နေရာမရှိခါကျ တော်တော်အခက်ခဲဖြစ်နေတာပေါ့နော်။ ရေရှည်အတွက် မစဥ်းစားရဲဘူး။ ကလေးတွေလည်း အများကြီးပဲ” ဟု လွိုင်ကော်မြို့မှ အင်းလေးဒေသသို့ တိမ်းရှောင်နေသည့် CDM ဆရာမတဦးက မဇ္ဈိမကို ပြောသည်။

၎င်းတိမ်းရှောင်နေသည့် အင်းလေးဒေသရှိ ဘုန်းကြီးကျောင်းတွင်ပင် စစ်ဘေးရှောင် အရေအတွက် ၆၀၀ ကျော်ရှိပြီး ယင်းအရေအတွက်အနက် ၁၀၀ ကျော်မှာ ကျောင်းနေအရွယ် ကလေးငယ်များဖြစ်ကြကာ အဆိုပါကလေးငယ်များကိုလည်း စာသင်ကြားပေးနေကြောင်း သိရသည်။

လွိုင်ကော်၊ ဒီးမော့ဆိုနှင့် နန်းမယ်ခုံ စသည့်မြို့များမှ ဒေသခံ ၄,၀၀၀ ကျော်သည် အင်းလေးဒေသရှိ ဘုန်းကြီးကျောင်းများတွင် အများစုခိုလှုံနေကြပြီး အချို့မှာကျေးရွာများတွင် နေအိမ်ငှားနေကြကြောင်း စစ်ဘေးရှောင်ကူညီနေသည့် လူငယ်တဦးက ပြောသည်။

အင်းလေးဒေသခံ ပရဟိတလူငယ်များနှင့် ကြက်ခြေနီအသင်းများမှ စစ်ဘေးရှောင်များအတွက် ဆန်နှင့် ဆီ များကို ကူညီပေးနေသော်လည်း နောက်ပိုင်းတွင် စစ်ဘေးရှောင်အရေအတွက် ပိုမိုများပြားလာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အချိန်ကာလ ကြာရှည်လာခြင်းများကြောင့် ခက်ခဲလာကြောင်း သိရသည်။

“ကျနော်တို့ပေးနေတဲ့နေရာ ငါးခုမှာတင် စစ်ရှောင် ၁,၅၀၀ ရှိတယ်။ ကျနော်တို့အမြဲတော့ မကူပေးနိုင်ခဲ့ဘူးဗျ၊ ဆန်နဲ့ဆီတော့ ရအောင်ရှာပေးပါတယ်။ အဓိက ပြောရရင်ရိက္ခာပေါ့ဗျာ၊ ဆန်နဲ့ဆီ အဓိကလိုအပ်ပါတယ်ဗျ။ ဒီဘက်လာတဲ့လူက အခြေခံလူတန်းစားတွေဗျ” ဟု ပရဟိတ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည့် ၂၀၂၂ ခုနှစ်မှစတင်ကာ ဒေသခံများသည် အင်းလေးဒေသတွင် သွားချည်ပြန်ချည် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကရင်နီပြည်နယ်၌ စတင်ခဲ့သည့် စစ်ဆင်ရေးကြောင့် ကရင်နီပြည်နယ်မှ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အင်းလေးဒေသရှိ ပရဟိတ နှင့် ဒေသခံ အဖွဲ့အစည်းများမှ ဆန်နှင့်ဆီများ ထောက်ပံ့သော်လည်း စစ်ရှောင်အရေအတွက်ပိုမိုများပြားလာကာ အချိန်ကာလ ကြာရှည်လာသဖြင့် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ ရရှိရန် ခက်ခဲလာကြခြင်းဖြစ်သည်။

အာဏာသိမ်းယူမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ၂ ဒသမ ၃ သန်း ရှိလာပြီး စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း အကူအညီလိုအပ်နေသူ ၁၉သန်းအထိ ရှိလာကြောင်း ကုလသမဂ္ဂ UNOCHA ၏ ယခု ဇန်နဝါရီလ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)