ကျောက်ဖြူတွင် ရဲမိသားစုဝင်များကို စစ်ကောင်စီက စစ်သင်တန်းပေး

ပုံစာ – ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် တနေရာတွင် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံ – AFP )

မောင်ခက်နွေ


(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်မိသားစုများကို စစ်ကောင်စီက စစ်သင်တန်း ပို့ချနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။


ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်ကာ အမှတ်(၃၂)ရဲတပ်ရင်းတွင် စစ်သင်တန်းပို့ချနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦးက ဦးဆောင်သင်ကြားပေးနေကြောင်း ၎င်းကပြောသည်။
“ တပတ်တော့ရှိပြီ၊ ရဲမိသားစုဝင်တွေပါတယ်။ စကစတပ်သားတွေလည်း ပါမယ်ထင်တယ်။ အရန်မီးသတ် နဲ့ကြက်ခြေနီတို့တော့ မပါဘူး” ဟု ဆိုသည်။


စစ်သင်တန်းကို ကျောက်ဖြူမြို့နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များအပြင် ၎င်းတို့၏ဇနီးများနှင့် သားသမီးများ ကိုပါ သင်ကြားပေးနေခြင်းဖြစ်ပြီး ခန့်မှန်းခြေ အင်အား ၆၀ ကျော်ရှိသည်ဟု သိရသည်။


ယင်းသို့ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများကို စစ်ကောင်စီက စစ်သင်တန်းပို့ချနေခြင်းသည် စစ်အင်အား ဖြည့်တင်းရန်အတွက်ဖြစ်သည်ဟု ဒေသခံ အမျိုးသားတဦးက ဆိုသည်။


ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA) က ၁၀၂၇ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်နေပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုထိန်းချုပ်ထားကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော အပါအဝင် အခြားမြို့အချို့ရှိ တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။


စခန်းအများအပြားကျဆုံးမှုနှင့်အတူ တပ်ရင်းလိုက်နီးပါးလက်နက်ချခြင်းများကြောင့် စစ်ကောင်စီမှာ အင် အားချိနဲ့လာသဖြင့် ရဲတပ်ဖွဲ့မိသားစုဝင်များအား စစ်သင်တန်းပေးပြီး အင်အားဖြည့်ရန်ပြင်ဆင်လာခြင်း ဖြစ်သည်။


လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင် စစ်ရေး ပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့ နေရာချထားမှုများကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။

စာတည်း။ ။စောဖေ