ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

MTO

(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ပခုက္ကူ-ရေစကြို ကားလမ်းဘေး နည်းပညာတက္ကသိုလ်ဝင်းရှိ ရဲတပ်သား နှစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO အဖွဲ့ က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ထိုရဲနှစ်ဦးက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Southern YSO အဖွဲ့ ခေါင်းဆောင် ကိုအောင်မောင်းကပြောသည်။

“ သူတို့ ကသူတို့ ပိုင်နက်ဖြစ်တဲ့အတွက် လက်နက်ယူမလာဘူး ။ ရေလာတင်တာ ၊ ရေလာပိတ်တာ လောက်ပဲ။ အဲ့ဒါကို အတောင် အစိတ်၊ ၃၀ လောက်ကနေ အနီးကပ် ဝင်ပစ်ခဲ့တာ မျက်မြင်ကတော့ သေတယ်လေ ။ သေနတ်ပါရင်တော့ ခြံစည်းရိုး ကျော်ပြီးဝင်ကောက်တယ် ။ သေနတ်မပါလို့ မ ကောက်တော့သာ” ဟု ၎င်းက ပြောသည်။

ထိုရဲတပ်သားနှစ်ဦးသည် တက္ကသိုလ်ဝင်းအနီးရှိ ၎င်းတို့၏ စစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် ရေလိုအပ်သည့်အတွက် ထိုဝင်းအတွင်းရှိ ရေစက်ကို ဖွင့်ရန် ဆိုင်ကယ်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုကျောင်းဝင်းအတွင်း လေးထပ်ကျောင်းဆောင်ပေါ်ရှိ စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက် အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ကိုအောင်မောင်းက ဆိုသည်။

Southern YSO အဖွဲ့ သည် ပြီးခဲသည့် နိဝင်ဘာလ ၂၁ ရက်နေ့ တွင် ပခုက္ကူ -ရေစကြို ကားလမ်းမတွင် တည်ရှိသည့် ပန်းတိုင်းခြုံကျေးရွာ ရှိ စစ်ကောင်စီဂိတ်စခန်းတခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး