ဟာမိုဆိုကို နမ်းခဲ့တဲ့အတွက် ရူဘီယာလက်စ်ကို ရုံးတင်စစ်ဆေးဖို့ စပိန်တရားသူကြီး အဆိုတင်သွင်း

အမျိုးသမီးကမ္ဘာ့ဖလားကြယ်ပွင့် ဂျနီ ဟာမိုဆိုကို အတင်းအဓမ္မနမ်းခဲ့တဲ့အတွက် အရှက်တကွဲဖြစ်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း လူးဝစ် ရူဘီယာလက်စ်ကို တရားရင်ဆိုင်ရမယ်လို့ စပိန်တရားသူကြီးတဦးကို ကြာသပတေးနေ့က အဆိုပြုခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အကျပ်ကိုင်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ရူဘီယာလက်စ်ရဲ့ အနမ်းဟာ “တလိုတလား သဘောတူခဲ့ခြင်းမဟုတ်ဘဲ တဖက်သတ်ဖြစ်ပြီး အံ့အားသင့်စေတဲ့ လုပ်ရပ်မဟုတ်ဘူး”လို့ စပိန်ရဲ့ Audiencia Nacional ထိပ်တန်းရာဇဝတ်တရားရုံးမှ တရားသူကြီး ဖရန်စစ္စကိုဒီဂျော့ခ်က သူ့ရဲ့ ပဏာမစုံစမ်းစစ်ဆေးမှုအပြီး စီရင်ချက်မှာ ကောက်ချက်ချခဲ့ပါတယ်။

“အနမ်းပေးခံရတာကို လိုလိုလားလား သဘောတူခဲ့တာဖြစ်တယ်လို့ အတည်ပြုကြောင်း လူသိရှင်ကြား ထုတ်ပြန်ချက်လုပ်ဖို့” အသက် ၃၃ နှစ်ရှိ ဟာမိုဆိုကို ဖိအားများပေးခဲ့တဲ့ နောက်ဆက်တွဲအတွက် အခြား သုံးဦးဖြစ်တဲ့ အမျိုးသမီးအသင်းနည်းပြဖြစ်သူ ဂျော့ခ်ဗီဒါ၊ အမျိုးသားအသင်းရဲ့ ဒါရိုက်တာ အဲလ်ဘတ် လူကေးနဲ့ RFEF ဈေးကွက်ရှာဖွေရေးမန်နေဂျာ ရူဘင် ရီဗယ်ယာတို့ကို ရုံးတင်စစ်ဆေးဖို့ တရားသူကြီးက အဆိုတင်သွင်းခဲ့ပါတယ်။

သုံးဦးစလုံးကိုလည်း တရားသူကြီးက စစ်ဆေးခဲ့ပါတယ်။

သြစတြေးလျအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်က အင်္ဂလန်ကို အနိုင်ရပြီးနောက်  သြဂုတ် ၂၀ ရက်က ကင်မရာတွေရှေ့မှောက်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အဖြစ်အပျက်အတွင်း ရူဘီယာလက်စ်ဟာ ဟာမိုဆိုရဲ့ခေါင်းကို လက်နှစ်ဘက်နဲ့ကိုင်ပြီး သူမရဲ့နှုတ်ခမ်းကို အတင်းနမ်းခဲ့တာဖြစ်ပါတယ်။

သူက အဆိုပါလုပ်ရပ်ကို “နှစ်ဦးနှစ်ဘက် သဘောတူနှုတ်ဆက်မှု”လို့ ဖော်ပြခဲ့ပေမယ့် ဟာမိုဆိုက ဒါဟာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

သူမဟာ အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ကို စက်တင်ဘာလမှာ တရားစွဲဆိုခဲ့ပြီး သူမဟာ သူနဲ့အတူ ဩစတြေးလျမှ အပြန် လေယာဉ်ပေါ်နဲ့ နောက်ဆက်တွဲ Balearic ကျွန်းစုရှိ Ibiza ရှိ အသင်းအားလပ်ရက်မှာ သူ့ကို ကာကွယ်ပေးဖို့ ဖိအားပေးခံရတယ်လို့ တရားသူကြီးရှေ့မှာ ဒီလအစောပိုင်းက ထွက်ဆိုခဲ့ပါတယ်။

သူမဟာ “စုံစမ်းစစ်ဆေးရေးအောက်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အဆက်မပြတ် ထိပါးနှောင့်ယှက်မှုတွေ ကြုံတွေ့ရပြီး ဒါက သူမရဲ့ ပုံမှန်ဘဝကို အနှောင့်အယှက် ဖြစ်စေကာ စိတ်ပူပန်မှုနဲ့ စိတ်ဆင်းရဲမှုတို့ကို ဖြစ်စေတယ်”လို့ သူမက သူ့ရဲ့ ထွက်ဆိုချက်မှာ ပြောပါတယ်။

အပြန်အလှန် သဘောမတူတဲ့ အနမ်းပေးခြင်းကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအမျိုးမျိုးမှာ ပါဝင်တဲ့ ရာဇဝတ်မှုအမျိုးအစားအဖြစ် စပိန်ဥပဒေအရ သတ်မှတ်နိုင်ပါတယ်။

ဒီလိုမျိုး အနမ်းပေးခြင်းအတွက် ပြစ်ဒဏ်တွေကို ငွေဒဏ်မှ ထောင်ဒဏ် လေးနှစ်အထိ ချမှတ်နိုင်ပါတယ်။