ဇာတိမြို့မှာ မူးယစ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်ခံခဲ့ရတဲ့ ဒီမာရီယာ

Photo:AFP

By PKThawn

အာဂျင်တီးနားတိုက်စစ်ကစားသမား အိန်ဂျယ်ဒီမာရီယာဟာ ရိုဆာရီယိုမြို့အစွန်က သူ့ရဲ့မိသားစုနေအိမ်မှာ ခြိမ်းခြောက်စာတစောင် လက်ခံရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက ပြောပါတယ်။ ရိုဆာရီယိုဟာ လီယွန်နယ်မက်ဆီရဲ့ မွေးရပ်မြေလည်းဖြစ်ပြီး အဲဒီနေရာမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့အကြမ်းဖက်မှုတွေ အရှိန်အဟုန်မြင့်တက်နေချိန်ဖြစ်ပါတယ်။

လက်ရှိမှာ ပေါ်တူဂီချန်ပီယံ ဘင်ဖီကာအသင်းမှာ ကစားနေတဲ့ ဒီမာရီယာဟာ သူ့ရဲ့ငယ်ဘဝကလပ် Rosario Central မှာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်လိုကြောင်း ပြောကြားအပြီး တပတ်အကြာ တနင်္လာနေ့မှာ အခုလိုခြိမ်းခြောက်စာ ရောက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအပေါ် အလားတူခြိမ်းခြောက်မှုမျိုးလည်းရှိနေခဲ့တာပါ။

“ခင်ဗျားတို့ရဲ့ သားအိန်ဂျယ်ကို ပြောလိုက်ပါ။ ရိုဆာရီယိုကို ပြန်မလာပါနဲ့လို့။ ပြန်လာရင် ငါတို့ မိသားစုဝင်တယောက်ကို သတ်ပစ်မယ်”လို့ မက်ဆေ့ချ်ထဲမှာ ရေးထားကြောင်း ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး Infobae မီဒီယာက ဖော်ပြခဲ့ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး မက်စီမီလီယာနို ပေါ်လာရိုကို ရည်ညွှန်းပြီး “ပေါ်လာရိုကတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”လို့ ယင်းက ထည့်ရေးသားခဲ့ပါတယ်။ “ငါတို့က သတိပေးမက်ဆေ့ချ်နဲ့တင် ချန်ထားတာမဟုတ်ဘူး၊ ငါ့တို့က ကျည်ဆံတွေနဲ့ လူအသေအပျောက်ကိုပါ ထားတတ်တယ်။”

ခြိမ်းခြောက်မှုတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ငြင်းဆိုထားခြင်း မရှိဘူးလို့ မီဒီယာက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ဒီမာရီယာ နေထိုင်လေ့ရှိတဲ့ သီးသန့်ရပ်ကွက်ရှေ့မှာ သူ့မိသားစုထံ လိပ်မူထားတဲ့ စာတစောင်ကို ကားတစီးက ချန်ထားခဲ့တာဖြစ်တယ်လို့ မီဒီယာက ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးရေးဆိပ်ကမ်းတွေထဲက တခုဖြစ်တဲ့ ရိုဆာရီယိုဟာ တရားမဝင် မူးယစ်ဆေးဝါးတွေကို တခြားနိုင်ငံတွေဆီ ပို့ဖို့ ထွက်ပေါက်ဖြစ်သလို မြို့ရဲ့ အချက်အချာကျကျ နေရာကို ရယူထားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကြောင့် ပေါ်ပေါ်ထင်ထင် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

မက်ဆီရဲ့ဇနီး အန်တိုနီလာ ရို့ကူဇိုရဲ့ မိသားစုပိုင် စူပါမားကတ်ကို အမည်မသိ သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပြီးနောက် မက်ဆီဟာ မနှစ်က ခြိမ်းခြောက်ခံခဲ့ရတာဖြစ်ပါတယ်။

Ref; Reuters