သိုင်းငင်းရွာရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များသိမ်းယူထားသည့်နေရာတွင် ဒေသခံမိုင်းနင်းမိ

ပုံအညွှန်း ။ ။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော သိုင်းငင်းစစ်ကောင်စီတပ်စခန်း။(ဓာတ်ပုံ။ ။ CJ)

ပုံအညွှန်း ။ ။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော သိုင်းငင်းစစ်ကောင်စီတပ်စခန်း။(ဓာတ်ပုံ။ ။ CJ)

ကိုခင်မောင်

(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းယူထားသည့်နေရာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၆ရက်နေ့က ဒေသခံတဦး မိုင်းနင်းမိသည်ဟု ဒေသခံများနှင့် CDF CDM Siyin ထံမှ သိရသည်။

“အဲ့ဒီစခန်းကို ဒီရက်ပိုင်းမှာ ဒေသခံတွေက လာလာကြည့်ကြတယ်။မနေ့ကလည်း ထုတ်လိုင်နှင့်လိုဖေဘက်က လာကြည့်ကြတာဗျ။ ခြံစည်းတားထားတဲ့ နေရာကို မကျော်ဖို့ ပြောထားတာကို သူကကျော်ပြီးကြည့်တော့ မိုင်းနင်းမိသွားတာပါ” ဟု သိုင်းငင်း ဒေသခံတဦးက ပြောသည်။

တီးတိန်မြို့နယ်၊ ထုတ်လိုင်ရွာနှင့် လိုဖေရွာမှ ဒေသခံအချို့သည် အဆိုပါ သိုင်းငင်းစစ်ကောင်စီတပ်စခန်းသို့ လေ့လာရေးသဘောဖြင့် သွားရောက်ကြည့်ရှုရာ ထုတ်လိုင်ရွာသား အသက် ၃၅နှစ်အရွယ် ဦးလိုင်ပီးဆိုသူ မိုင်းနင်းမိသဖြင့် ခြေထောက်နှင့် လက်မောင်းများတွင် ပြင်းထန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း CDF CDM Siyin အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

“မရှင်းရသေးတဲ့ မိုင်းတချို့ရှိသေးတယ်။ စခန်းစသိမ်းတုန်းက ရှင်းလင်းမှုတွေလုပ်ခဲ့ပေမယ့် စကစ(စစ်ကောင်စီတပ်)ဘက်က ကလေးမြို့ကနေ ပြန်လည်စစ်ကြောင်းထိုးလာလို့ မိုင်းတွေအကုန်လုံးမရှင်းရသေးဘူး။ အဲဒီစခန်းဝင်ပေါက်ဘက်ကိုတော့ သေချာရှင်းပြီးပြီ။ တချို့ကတော့ ဒီလောက်ခက်ခက်ခဲခဲသိမ်းပိုက်ထားတဲ့ စစ်တပ်စခန်းကို ကြည့်ချင်တယ်ဆိုပြီး ခွင့်လာတောင်းကြတယ်။ သူတို့ကလည်းကြည့်ချင်တာဆိုတော့ ခွင့်ပြုလိုက်တာပါ“ ဟု CDF CDM Siyin အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိသူ ဦးလိုင်ပီးသည် ပြင်းထန်ဒဏ်ရာရရှိသောကြောင့် ညာဘက်ခြေထောက် ဒူးရင်းအောက်ပိုင်းမှ ဖြတ်လိုက်ရကြောင်း၊ ယခုလက်ရှိတွင် လုံခြုံသည့်နေရာတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ၎င်းကဆက်‌ ပြောသည်။

သိုင်းငင်း စစ်ကောင်စီတပ်ကင်းစခန်းကို လေ့လာကြည့်ရှုချင်သူ ပြည်သူများအနေဖြင့် CDF CDM SIYIN ထံ အကြောင်းကြားပြီးမှ သွားလာ ကြည့်ရှုလေ့လာကြပါရန် ယင်းအဖွဲ့က ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားပြီး လက်ရှိအချိန်တွင်လည်း CDF CDM Siyin အဖွဲ့က အဆိုပါတပ်စခန်း အနီးတဝိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းများအား ရှာဖွေရှင်းလင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

သိုင်းငင်းကျေးရွာအခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းကို ချင်းလဲန်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ရက်တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုစခန်းသိမ်း တိုက်ပွဲအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက်တဖက်စီ ဖြတ်တောက်လိုက်ရသော တပ်ဖွဲ့ဝင်ရဲဘော်များရှိပြီး ၎င်းတို့အတွက် ခြေတု (prosthesis)တပ်ရန်နှင့် အရိုးကျိုး၍ သံမဏိ (steel) ထည့်နိုင်ရန် ကူညီပေးကြရန်လည်း CDF CDM Siyinက အကူအညီတောင်းခံထားသည်။

ချင်းပြည်နယ်၊ သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ယာဥ်များ ခရီးတထောက်နားရာ စားသောက်ဆိုင်များရှိသော ကျေးရွာဖြစ်ပြီး အလည်အပတ်သွားရန် ရှုခင်းလှပသောနေရာလည်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ