ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၅ဦးသေဆုံး၊ သေနတ် ၈ လက်သိမ်းဆည်းရရှိဟုဆို

ပုံအညွှန်း။ ။ ကန့်ဘလူမြို့နယ် ကာဘိုးပျူစခန်းတိုက်ခိုက်မှုတွင် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ/ ဓာတ်ပုံ။ ။ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးစံပြရွာရှိပျူစောထီးစခန်းများအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူစောထီး ၁၅ဦးသေဆုံးပြီး သေနတ် ရှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၆ရက် နံနက်အစောပိုင်း ၁နာရီ ၅၀မိနစ်အချိန်ခန့်မှစ၍ ကာဘိုးစံပြရွာရှိ ပျူစောထီးစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် နှစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

“ အဲ့ရွာက စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်းကြီးချုပ် ဦးမြတ်ကျော်ရဲ့ရွာပါ။ စစ်ကောင်စီတပ် အင်အား ၁၀ကျော်နဲ့ ပျူအင်အားက ၃၀ကျော် အထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။ မိုးလင်ခါနီး လေယာဥ်လာနိူင်တာရယ်၊ ဇီးကုန်းဘက်က ​ေ-ွး စစ်ကူ ၁၂ဘီးကားဖြင့် လာသောကြောင့် ပြန်ဆုတ်ခဲ့ပါတယ် ။ မျက်မြင်သေတာက ၁၅ ယောက်ပါ။ ဒဏ်ရာရသူလည်းများပါတယ်။ ကိုယ့်ဘက်ထိခိုက်တာလည်း ရှိပါတယ်ခင်ဗျ” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ကန့်ဘလူမြို့နယ် ကာဘိုးရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအထိုင်စခန်း ငါးခုထက်မနည်းကို အလစ်အငိုက်ဝင်ရောက်ကာ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ထံသို့ ဇီးကုန်းရွာဘက်မှ စစ်ကူအင်အားအများအပြားလာသဖြင့် ပျူစောထီးစခန်းအားလုံးနီးပါး သိမ်းနိုင်မယ့်အခြေအနေ ရောက်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းလည်း ၎င်းထံမှသိရသည်။

စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ကာဘိုးရွာပျူစောထီးစခန် တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း(၄)၊ ရွှေဘိုခရိုင်တပ်ရင်း( ၂၅ )၊ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် ရပ်ကျေးပကဖ ပူးပေါင်းတပ်ဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ငါးဦးကျဆုံးသွားကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ယနေ့ ဇန်နဝါရီ ၂၇ရက်တွင် ကန့်ဘလူမြို့နယ်ဘက်မှ စစ်ကောင်စီတပ်အင်အားအများအပြားသည် ကာဘိုးရွာနှင့် အနီးတဝိုက်သို့ စစ်ကြောင်းထိုးနေသောကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)