ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာလက်နက်ကြီး ပစ်ခတ်ဟု KNU ထုတ်ပြန်

ပုံအညွှန်း- စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ခွံတခု (ဓါတ်ပုံ- KNU)

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုများ‌ကြောင့် ထိခိုက်သေဆုံးမှုများရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး( KNU) ဗဟိုက ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

“နေ့တိုင်း ပစ်နေတာပဲလေ ဒီနေ့လည်း ပစ်တယ်။ ဒီဘက်မှာဆို ခမရ(၂၀)ဘက်ကလည်း ပစ်တယ်။ (၂၆၄)ကလည်း ပစ်တယ်။ ပုဇွန်မြောင်းဘက်ကလည်း ပစ်တယ်။ ဒေသခံတွေကတော့ ဗုံးခိုကျင်းတွေ ပြင်ဆင်ထားရတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီတပ်မှ နယ်မြေ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုများကို အဆက်မပြတ်လုပ်ဆောင်လာသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကညွတ်ကွင်းအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၃၉)၊ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)နှင့် ကွင်းချောင်းဝကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီ ခြေမြန်တပ် ခမရ (၃၀၇)မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လူနေအိမ် အများအပြား ပျက်စီးခဲ့ရသည့်အပြင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် နွား၊ ဝက် ထိခိုက်သေဆုံးမှုများရှိသည်ဟု KNU က ထုတ်ပြန်သည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဇန်နဝါရီလ ၂၃ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာတွင် ‌အမျိုးသားတဦး သေဆုံးခဲ့ပြီး အမျိုးသမီး တဦး ၊ ၁၂နှစ်အရွယ် ကလေးတဦး နှင့် ဇန်နဝါရီလ ၂၂ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ ဒေသခံ ငါးဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း KNUက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့အတူ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နတ်သံကွင်းမြို့၊ ထနွီကုန်းရွာတွင် အမျိုးသား တဦးသေဆုံးခဲ့ပြီး ရေတွင်းကုန်းကျေးရွာမှ အမျိုးသားတဦး ‌ကျည်ထိမှန်ဒဏ်ရာရကာ ဇန်နဝါရီလ ၁၉ ရက်နေ့ညက ကွင်းချောင်းဝရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာမှ အမျိုးသမီး တဦးနှင့် အမျိုးသားတဦးတို့ ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ