မင်းပြားမြို့ ခမရ(၃၈၀)ကို AA သိမ်းယူ၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ဓာတုဗုံးများအသုံးပြုဖျက်ဆီးနေဟု AA ထုတ်ပြန်

ကျောက်တော်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းအား သိမ်းပိုက်ခဲ့သည့် AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)/Photo – AA Info Desk

မဇ္စျိမ။ ။ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၈၀)အား အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့ကို ဓာတုဗုံးများ အသုံးပြု၍ တိုက်ခိုက်ဖျက်ဆီးနေသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ ဇန်နဝါရီလ ၂၉ရက်၌ ထုတ်ပြန်သည်။

ခမရ(၃၈၀)တပ်ရင်းအား စစ်ကောင်စီက လေကြောင်းမှပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ယမန်နေ့ ဇန်ဝါရီလ ၂၈ရက်တွင် သိမ်းယူနိုင်ခဲ့ခြင်းဟု AA ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ စစ်ကောင်စီ၏ တပ်ရင်းတခု ထပ်မံကျဆုံးခဲ့ပြန်ခြင်းဟု AAက ဆိုသည်။

စစ်ရေးအရလုံးဝယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာနှင့် ပြည်သူလူထုကိုသာ အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခင်ကထက်ပိုမိုမိုက်ရူးရဲဆန်စွာ ပြုလုပ်လျက်ရှိကြောင်းလည်း သတိပေးထားသည်။

ရမ်းဗြဲမြို့တွင် မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိဘဲ မြို့ပျက်စေရန် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်မှာ ရက်သတ္တတပတ်ခန့်ကြာမြင့်လာပြီဖြစ်‌ကြောင်း၊ လေ‌ကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများကိုပါပြုလုပ်‌နေ‌ကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့ပြင် ရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သည့် ‌မြောက်ဦးမြို့ကို ဇန်နဝါရီလ ၂၇ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ၏ ခမရ (၃၇၇) နှင့် ခမရ(၅၄၀) တပ်ရင်း၊အမှတ် (၃၁) ရဲတပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလေးဦး သေဆုံးခဲ့ရပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြို့ပေါ် ရပ်ကွက်မှ နေအိမ် ၂၀ ‌ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

” အိမ်တွေ၊ ဈေးဆိုင်တွေအကုန်လုံး ပျက်စီးတယ်။ စစ်တပ်ဘက်က ပစ်တာပါ။ တိုက်ပွဲမဖြစ်လည်း တမင်သက်သက်ကို ပစ်နေတာပါ” ဟု မြောက်ဦးမြို့ခံတဦးကပြောသည်။

လက်ရှိတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီတို့နှင့်တိုက်ပွဲများဖြစ်နေကြောင်း AA က အသိပေးထားသည်။

စာတည်း – အေးချမ်း