ဟွားငိုးလ်ရမ်းဒေသအတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ပုံအညွှန်း - ဖမ်းဆီးမိရသော မူးယစ်ဆေးများဖျက်ဆီးနေစဥ်။ဓါတ်ပုံ - ပေးပို့

ပုံအညွှန်း – ဖမ်းဆီးမိရသော မူးယစ်ဆေးများဖျက်ဆီးနေစဥ်။ဓါတ်ပုံ – ပေးပို့

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟွားငိုးလ်ရမ်းဒေသတွင် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ရက်တွင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဟွားငိုးလ်ရမ်းပြည်သူ့အဖွဲ့ (HPO) ထံက သိရသည်။

“မီဇိုရမ်ပြည်နယ်ဘက်ကို သယ်ဘို့လုပ်နေတဲ့ဟာတွေကို ဟွားငိုးလ်ရမ်းဒေသ အတွင်းမှာ ဖမ်းဆီးမိထားတာတွေပါ၊ ရှေ့ဆက်ပြီး မူးယစ်ဆေးဝါးကို တင်းတင်းကျပ်ကျပ် နှိမ်နင်းသွားဘို့ရှိပါတယ်” ဟု HPO တွဲဖက်အတွင်းရေးမှူး လားလ်ဗင်ပွီးရာက မဇ္စျိမကိုပြောသည်။

မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများသည် အဆင့်မြင့်ဘိန်းဖြူ (နံပါတ်4) များဖြစ်ပြီး ဆပ်ပြာခွက် အခွက် ၂၀ဖြစ်ကာ ကာလတန်ဘိုး ကျပ်၁၀,၀၀၀,၀၀၀ (သိန်းတစ်ရာ) ကျော်ခန့်ရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားချိန်က မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းများတွင် အခက်ခဲများ ရှိခဲ့ပြီး ယခု ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လာနိုင်ချိန်တွင် ပိုမိုတင်းကျပ်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူးက ဆက်ပြောသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သူများကိုလည်း ဟွားငိုးလ်ရမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားသူကြီးအဖွဲ့က စစ်ဆေးတွေ့ရှိသော ပြစ်မှုအရ ထောင်ဒဏ် အပြစ်ပေးအရေးယူမှုများရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းသို့ သယ်ယူပို့ဆောင်လျက်ရှိသောကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့ ၊ လူငယ်အသင်းများနှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း လားဗင်ပွီးရာက ဆက်ပြောသည်။

“မူးယစ်ဆေးဝါနဲ့ပတ်သက်ပြီး ကွင်းဆက်အရ ဆက်စပ်နေသူတွေ အလိုရှိသူတွေကို နှစ်ဖက်အပြန်အလှန် ဖမ်းဆီးပေးတာတွေ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးမြှင့်ဘို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့လုပ်ဆောင်ခြင်းသည် ဟွားငိုးလ်ရမ်းဒေသအတွင်း၌သာ အကျိုးရှိစေယုံမက မီဇိုရမ်ပြည်နယ် ကို မှီခိုနေထိုင်နေကြသော စစ်ဘေးရှောင်များအတွက် မူးယစ်ဆေးဝါး နှင့်ပတ်သက်ပြီး ဒေသခံများ၏ အမြင်မကြည်မှု ၊ ငြိုငြင်မှုများ လျော့ပါးနိုင်စေသဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ