အမေရိကန်-တရုတ် ဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက် တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လာ 

The Times of India

တရုတ်သည် SU-30 တိုက်လေယာဉ်များ အပါအဝင် လေယာဉ် ၃၃ စင်းနှင့် ရေတပ်သင်္ဘော ၆ စီးကို ထိုင်ဝမ်အနီးသို့ ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီမှ ၂၇ ရက်နေ့ နံနက် ၆ နာရီအထိ စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။  

၎င်းတို့အထဲမှ တိုက်လေယာဉ် ၁၃ စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားသည် တရုတ်နှင့်ထိုင်ဝမ်အကြား အလွတ်သဘောပိုင်းခြားသတ်မှတ်ထားသည့် နယ်နိမိတ်ဖြစ်သည်။ 

ထိုင်ဝမ်၏ လွတ်လပ်ရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်လေယာဉ်နှင့် စစ်သင်္ဘောများ စေလွှတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျတ်ခ်ဆူလီဗန်နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၂၇ ရက်က တွေ့ဆုံခဲ့သည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများတွင် တွေ့ဆုံခဲ့ပြီး ၂ လကျော်ခန့်အကြာတွင် ယင်းကဲ့သို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ 

နှစ်နိုင်ငံတာဝန်ရှိသူများသည် ဆန်ဖရန်စစ္စကို ဆွေးနွေးပွဲတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို ‌အကောင်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးပါပြီး အကဲဆတ်သည့် ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်ရန် ပွင့်လင်းမြင်သာ၍ ခိုင်မာထိရောက်သော ဗျူဟာမြောက် ဆက်ဆံရေးကို ဖော်ဆောင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

အဆိုပါ အစည်းအဝေးသည် နှစ်နိုင်ငံအကြား ပွင့်ပွင့်လင်းလင်း ဆက်ဆံဆောင်ရွက်နိုင်မည့် လမ်းကြောင်းများကို ဖော်ဆောင်ရန် ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့သည် ပြိုင်ဆိုင်နေကြသော်လည်း ယင်းပြိုင်ဆိုင်မှုသည် ပဋိပက္ခ သို့မဟုတ် ထိပ်တိုက်တွေ့ဆုံမှုအဖြစ်သို့ ပြောင်းလဲမသွားစေရန် ကာကွယ်ရမည်ဖြစ်ကြောင်း ဆူလီဗန်က အလေးအနက် ပြောကြားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။ 

တရုတ်နှင့် အမေရိကန်တို့အကြား နည်းပညာ၊ ကုန်သွယ်မှု၊ လူ့အခွင့်အရေးနှင့် တရုတ်က ၎င်း၏ပိုင်နက်အဖြစ် အငြင်းပွားတောင်းဆိုထားသည့် ထိုင်ဝမ်အရေးကိစ္စတို့နှင့်ပတ်သက်၍ ယခင်ကတည်းက ပဋိပက္ခများ ရှိနေခြင်း ဖြစ်သည်။ 

ထို့ပြင် မကြာသေးမီက ကျင်းပခဲ့သည့် ထိုင်ဝမ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) က တတိယသက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)သည် ထိုင်ဝမ်အပေါ် တရုတ်၏ အငြင်းပွားတောင်းဆိုမှုများကို အာခံလျက်ရှိသည်။  

အမေရိကန် လွှတ်တော်အမတ်နှစ်ဦးသည် ထိုင်ဝမ်ခေါင်းဆောင်သစ် လိုင်ချင်-တဲနှင့် ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ပြီး ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့သည်။ ၎င်းတို့သည် ရွေးကောက်ပွဲအပြီး ထိုင်ဝမ်သို့လာရောက်သည့် ဒုတိယမြောက် အဖွဲ့ဖြစ်သည်။ အမေရိသမ္မတ ဂျိုးဘိုင်ဒန်သည် ထိုင်ဝမ်ရွေးကောက်ပွဲအပြီး ၂ ရက်အကြာတွင် လိုင်ကို ဂုဏ်ပြုရန် တရားဝင်မဟုတ်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။ 

ထိုင်ဝမ်အရေးသည် တရုတ်၏ ပြည်တွင်းရေး ဖြစ်ကြောင်းနှင့် ထိုင်ဝမ်၏ ဒေသ ဆိုင်ရာရွေးကောက်ပွဲမှာ ၎င်းသည် တရုတ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဆိုသည့် ပကတိအမှန်တရားကို ပြောင်းလဲစေနိုင်မည်မဟုတ်ကြောင်း ဝမ်ယိက ဆူလီဗန်ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။   

“ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကြီးမားဆုံးအန္တရာယ်မှာ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာလည်း ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဖြစ်ပါတယ်” ဟု ၎င်းက ထပ်မံထုတ်ပြန်ခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။