တရုတ်အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင်များကို စစ်‌ကောင်စီအကာကွယ်ပေးထားဟု ညီနောင် ၃ ဖွဲ့ ပြော

ပုံအညွှန်း-၂၀၂၃ စက်တင်ဘာ ၆၊၇ ရက်နေ့တွင် “ဝ” ပြည်နယ်ရဲမှ တရုတ်နိုင်ငံသို့ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်သူများ လွှဲပြောင်းပေးစဉ်

ဂျူချန်း

မဇ္ဈိမ။ ။လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံများထိန်းချုပ်နေရာများမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်သူ ၃၆,၀၀၀ မှ ၄၀,၀၀၀ နီးပါးကို တရုတ်နိုင်ငံတာဝန်ရှိသူများထံသို့ စစ်ကောင်စီက ပြန်လည်ပို့ဆောင်ထားသော်လည်း ကျားဖြန့်ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီမှ ဆက်လက်အကာအကွယ်ပေးထားဆဲဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထုတ်ပြန်သည်။

တရုတ်နိုင်ငံက အလိုရှိနေသည့် ကျားဖြန့်ခေါင်းဆောင်များနှင့် ပတ်သက်၍ ယမန်နေ့ ဇန်နဝါရီလ ၂၈ရက်နေ့၊ ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီမှအပ်နှံခဲ့သည့် ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်တွင် နှစ်ရှည်လများ ကျားဖြန့်လုပ်ကိုင်နေသူများဖြစ်ပြီး တရုတ်နိုင်ငံမှ အလိုရှိသည့် ဝရမ်းထုတ်ထားသူများ၊ ကျားဖြန့်ကုမ္ပဏီပိုင်ရှင်များနှင့်ရင်းနှီးမြှုပ်နှံသူများ ပါဝင်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကအသိပေးထားသည်။၎င်းတို့အနေဖြင့်လည်း ကျားဖြန့်လုပ်ကိုင်သူ ၃,၀၀၀ ခန့်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

“လောက်ကိုင်မှာ ကျားဖြန့် တရုတ်ချည်းပဲ သောင်းဂဏန်းအထက်ရှိတယ်။ ဒီနှိမ်နှင်းရေးဖြစ်တော့ တရုတ်တွေက လွတ်ရာကျွတ်ရာ ထွက်သွားကြတယ်။ ဒါပေမယ့် သူတို့ကို စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက ဆက်ကာကွယ်ပေးထားတယ်” ဟု လောက်ကိုင်ဒေသခံတဦးက ပြောသည်။

အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းကျားဖြန့်လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌဟောင်း၊ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏ သားနှင့်သမီးဖြစ်သူ ပယ်ရင့်ချိန်၊ ပယ်ရင့်လန့်၊ ကိုးကန့်(၁၀၀၆) နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးဝေဆန်း(ငြိမ်း) ခေါ် ဝေ့ဟွိုင်ရင် အပါအဝင် ဝေ့ယွန်း၊ ဝေချင်းဆုန်၊ လျိုကျင့်ရှန်၊ လျိုကျီယွမ်၊ လျိုကျင့် မောင်၊ ရွှီလောက်ဖာ တို့ကို တရုတ်အစိုးရက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ထားသည်။

ကျားဖြန့်လုပ်ငန်း၌ ပါဝင်နေသူအများအပြားသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ နမ့်စန်နှင့် လွိုင်လင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံတပ်ရင်းများ၊ ပြည်သူ့စစ်စခန်းများ၌ ခိုလှုံနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်ပြု၍မရသေးပေ။ နမ့်စန်မြို့တွင် တရားမဝင်ခိုလှုံနေသည့် တရုတ်နိုင်ငံသား ၁,၀၃၈ ဦးကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် ရှောင်တခင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်၍ အလိုမရှိသူများက သတင်းမှားများ ဖြန့်ဝေလျက်ရှိပြီး စစ်ကောင်စီအနေဖြင့် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ နယ်စပ်ဒေသမှတရားမဝင်လုပ်ငန်းတွေ ပပျောက်စေရေးအတွက် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နိုင်ပါရှိသည်။

စာတည်း – အေးချမ်း