တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုနဲ့ နယ်မြေထိန်းချုပ်နိုင်မှု

ဓာတ်ပုံ – ပုံဟောင်း

ဓားရိုင်း

နွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်းရောက်လာချိန်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ တော်လှန်စစ်ကို တစ်ဆင့်ချင်းတက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ သုံးနှစ်တာကာလအတွင်း တော်လှန်ရေးအတွက်နည်းမျိုးစုံနဲ့ပေး ဆပ်ခဲ့ရတဲ့တန်ဖိုးတွေကြီးမားခဲ့သလို အောင်မြင်မှုတွေကလည်း အတိုင်းအဆမရှိ အရှိန်အဟုန်နဲ့ရရှိလာခဲ့တာတွေ့ ရပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် အပြစ်မဲ့ကလေးသူငယ် ၅၀၀ ကျော်သေဆုံးခဲ့ပြီး ၇၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ၂၀၂၄ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီကာလတွေအတွင်း ပြည်သူ ၄၂၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုး သမီး ၇၀၀ ကျော်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေဖမ်းဆီးခံရမှုမှာလည်း ၂၅,၆၀၀ ကျော်ရှိခဲ့ပြီး ၁၉,၈၀၀ ကျော်မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီး အာဏာတည် မြဲရေးအတွက်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးရလဒ်တွေကတော့ အာဏာရှင်စနစ်မြေမြိုခံရတော့မယ့်အခြေအနေကို တဖြည်းဖြည်းဆိုက်ရောက်လာနေခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေဟာ တော်လှန်စစ် နှစ်နှစ် ကျော်လာချိန်မှာပဲ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကိုဖော်ဆောင်လာနိုင်ခဲ့တာတွေ့ရပါတယ်။  

၂၀၂၃ ဒီဇင်ဘာလအတွင်းထုတ်ပြန်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တစ်နိုင်ငံလုံး စစ်ရေးအခြေအနေ ဖော်ပြချက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့ပေါင်း ၂၆ မြို့နယ်အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ် တယ်လို့ ဆိုထားပါတယ်။ အဲဒီမြို့နယ်တွေကတော့ မကွီအိမ်နူး၊ မယ်စဲ့၊ ပန်ဆိုင်း၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကောလင်း၊ ခါမ်းပါတ်၊ နန်းမယ်ခုံ၊ ကွမ်းလုံ၊ ရိခေါဒါရ်၊ ရွှေပြည်အေး၊ အင်ဂျန်းယန်၊ လိုင်လင်းပီ၊ ကုန်းကြမ်း၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား၊ နှာဟရိန်၊ မိုင်းလုံ၊ မော်လူး၊  နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေ့ါ တို့ဖြစ်ပါတယ်။ အဲဒီမြို့တွင်အပြင် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာပဲ မဘိမ်း၊ လောက်ကိုင်၊ ဟိုပန်၊ ပန်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ ပလက်ဝနဲ့ ပေါက်တောတို့ကို  တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံသိမ်းပိုက်နိုင်တာခဲ့တာကြောင့် အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့  မြို့ပေါင်း ၃၀ ကျော်ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေကို နေရာဒေသအသီးသီးမှာ တော်လှန်ရေးတိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ပြီး ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ကြတာဖြစ်ပါတယ်။ မကြာခင်ကပဲ တနင်္သာရီတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပထမဆုံးအကြိမ် စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲလာနိုင်တဲ့အထိ စစ်ရေးအောင်မြင်မှုတွေရလာခဲ့တာဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင် ကျေးရွာအနီးက စစ်ကောင်စီရဲ့ ကြိုးတံတားဂိတ်စခန်းနဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသက ကျောက်ထုစခန်းတို့ကို ဇန်နဝါရီလ တတိယပတ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။  

ဒီနေရာမှာ နွေဦးတော်လှန်ရေးသုံးနှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုတွေ ကြီးကြီးမားမား အောင်မြင် မှုတွေရရှိလာခဲ့တာမှာ အဓိကအခန်းကဏ္ဍမှာရှိနေခဲ့တဲ့ တော်လှန်ရေး တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို လည်း မေ့ထားလို့မရပါဘူး။ အထူးသဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်ခဲ့တဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ ပြည်သူ့တော်လှန်စစ်ကို နောက်တစ်ဆင့်မြှင့်တင်ပေးလိုက်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့တယ်ဆိုတာကို လက်ခံ ရမှာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးတွေပေါ်ပေါက်လာခဲ့ပြီး ရက္ခိုင့်တပ်တော်(AA)က ရခိုင်စစ်မျက်နှာကို ဖွင့်လှစ်ခဲ့တာကလည်း စစ်ကောင်စီကိုအလစ်အငိုက်မိသွားစေခဲ့ကာ အထိပိုနာစေခဲ့ပါတယ်။ ဒါ့အပြင် ကရင်နီဒေသက ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဟန်ချက်ညီ “၁၁၁၁” စစ်ဆင်ရေးကလည်း စစ် ကောင်စီကိုရိုက်ချက်ပြင်းပြင်းနဲ့ ရိုက်ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပဲ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့လို ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ တွေကလည်း အဓိကအခန်းကဏ္ဍမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ကချင်စစ်မျက်နှာ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(မပခ)ဧရိယာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ ၂၀၂၁ ခုနှစ်၊ မတ်လကုန်ပိုင်းကစပြီး စခန်းသိမ်းတိုက်ပွဲတွေနဲ့ ချေမှုန်းရေး တိုက်ပွဲတွေကို ပုံမှန်တိုက်ခိုက်နေခဲ့ တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရှမ်းပြည်မြောက်ပိုင်း လားရှိုး -မူဆယ် အဝေးပြေးလမ်း စိုးမိုးရေးအတွက် အရေးပါတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာက စစ်ကောင်စီတပ်စခန်းကို KIA ကတစ်လနီးပါးတိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာတွေ့ရပါတယ်။  

နမ့်ဖတ်ကာရွာက စစ်ကောင်စီရဲ့ ခလရ (၁၂၃)တပ်ရင်းကို ဒီဇင်ဘာ ၂၉ ရက်ကတည်းက KIA ဟာ ရှမ်းမြောက် အခြေစိုက် တပ်မဟာ(၄) ၊ တပ်မဟာ(၆)နဲ့ တပ်မဟာ(၁၀)တို့အပါအဝင် ကချင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့နဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ နမ့်ဖတ်ကာဟာ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်(TNLA) သိမ်းထားတဲ့ ကွတ်ခိုင်မြို့နဲ့ ရက္ခိုင့်တပ်တော်(AA)က သိမ်းထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အကြားမှာတည်ရှိတဲ့ ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း KIA ဟာ ကချင်ပြည်နယ် မံစီမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အစပ်က မန့်ဝိန်း ကြီးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ကာ မန့်ဝိန်းကြီးရွာဝန်းကျင်ကို ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ကရင်စစ်မျက်နှာဆိုရင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)နယ်မြေအတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖော်ဆောင်နေခဲ့တာဖြစ်ပါ တယ်။ ၂၀၂၃ ခုနှစ်မှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)နယ်မြေ ပဲခူးတိုင်းအထိပါ ထိုးဖောက်တိုက်ခိုက်လာ နိုင်ခဲ့တာတွေ့ရပါတယ်။ ၂၀၂၄ ဇန်နဝါရီလအတွင်းမှာပဲ KNU နယ်မြေထဲမှာ ၂၈ နှစ်ကြာ တပ်စွဲထားတဲ့ ထီးတော် ပယ်(ထင်းရှူးတောင်)စခန်း၊ ဘူဆာခီးစခန်းနဲ့ သီးမူပေါ်စိုးစခန်းတို့ကနေ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ထုတ် လိုက်နိုင်တာတွေ့ရပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီနဲ့ ရခိုင်တို့မှာလည်း စစ်ကောင်စီအနေနဲ့ အထိနာ နေတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေထိန်းချုပ်မှုတွေ ပိုမိုလုပ်လာနိုင်တဲ့အနေအထားဖြစ်ပါတယ်။  

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဟာ နယ်မြေအကျယ်ဝန်းဆုံးဒေသတစ်ခုဖြစ်တာနဲ့အညီ တော်လှန်ရေး တပ်ဖွဲ့တွေအများအပြားပြန့်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ နယ်မြေအကျယ်အဝန်းအရ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုကို သိပ်ပြီးသတိမထားမိပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ ခြေကုတ်ရယူထားနိုင်တဲ့နယ် မြေတွေ တဖြည်းဖြည်းကျယ်ပြန့်လာနေတာတော့အမှန်ပါပဲ။ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာဆိုရင်လည်း စခန်း သိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကိုတဖြည်းဖြည်း ဖော်ဆောင်လာနိုင်ခဲ့တာတွေ့ရပါတယ်။ ကရင်နီဒေသ မှာဆိုရင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်နယ် ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးလောက်ကို ထိန်းချုပ်ထားနိုင် ခဲ့ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပြင်းပြင်းထန်ထန် ပုန်ကန်တော်လှန်ခဲ့တဲ့ စစ်မျက်နှာတစ်ခု လည်းဖြစ်ပါတယ်။ ကရင်နီစစ်မျက်နှာအတွင်း မူလရှိတဲ့ ဒကစ တပ်တွေအပြင် ရပခ တပ်တွေ၊ တပ်မ (၆၆)၊ စကခ (၂)က တပ်တွေ၊ စကခ(၇)နဲ့ တပ်မ(၅၅)က တပ်တချို့ အထိနာနေခဲ့တာတွေ့ရပါတယ်။ မကြာခင်က တရုတ်ဖိအားကြောင့် အပစ်ရပ်လိုက်ရတဲ့ ရှမ်းမြောက်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း လားရှိုးနဲ့ မူဆယ်ကလွဲပြီး ကျန်မြို့တွေကို စစ်ကောင်စီအနေနဲ့ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော်(MNDAA)က ရှမ်းပြည်နယ်အထူးဒေသ(၁)တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ခွင့်ရသွားခဲ့ပြီဖြစ်သလို ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)ကလည်း နမ့်ခမ်း၊  နမ့်ဆန်၊ မန်တုံ၊  နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ ကွတ်ခိုင်မြို့တို့ကို ပြန်လည်ထိန်းချုပ်ခွင့်ရသွားပြီဖြစ်ပါတယ်။ အခုဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်းအထိ စစ်ရေးလှုပ်ရှားမှုတွေကိုတွေ့လာရပြီဖြစ်ပြီး NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တောင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)တောင် လေသံတွေပြောင်းလာတာကိုကြည့်ရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုနဲ့ နယ်မြေထိန်းချုပ်မှုတွေ ဘယ်လောက်အတိုင်းအတာအထိ ကျယ်ပြန့် လာနေပြီလဲဆိုတာ ခန့်မှန်းလို့ရနေပြီဖြစ်ပါတယ်။