တရုတ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ၂၃၀ ကျော် ဒေဝါလီခံရန် ၂၀၂၃ခုနှစ်တွင် လျှောက်ထား  

ANI  

တရုတ်တွင် စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်နေချိန်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ၂၃၃ ခုခန့်သည် ၂၀၂၃ ခုနှစ်တွင် ဒေဝါလီခံရန် လျှောက်ထားခဲ့ကြောင်း တရုတ်အိမ်ခြံမြေအသင်းအား ကိုးကား၍ ထိုင်ဝမ်သတင်း က ဖော်ပြလိုက်သည်။ 

ကျီကျန်းပြည်နယ်မှ လျှောက်ထားမှု အများဆုံးဖြစ်ပြီး ၃၆ ခုရှိကာ စုစုပေါင်း၏ ၁၅ ဒသမ ၄၅ ရာခိုင်နှုန်းရှိ ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဟူနန်နှင့် ကွန်တုံးပြည်နယ်တို့သည် ဒုတိယနှင့် တတိယ အသီး သီးရှိကြသည်။  

သို့သော် ၂၀၂၃ ခုနှစ်အတွက် ဒေဝါလီခံမှုအရေအတွက်သည် ၂၀၂၀ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ပထမဆုံးနှစ်ဖြစ်သည့် ၂၀၂၀ပြည့်နှစ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ၄၀၈ ခုသည် ဒေဝါလီခံရန် လျှောက်ထားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၃၄၃ ခုနှင့် ၂၀၂၂ ခုနှစ်တွင် ၃၀၈ ခုရှိသည်။ 

စီးပွားရေးကျဆင်းမှုကြောင့် တတိယအဆင့်နှင့် စတုတ္ထအဆင့်မြို့များတွင် ဆောက်လုပ်ရေးကုမ္ပဏီများသည် ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရသည်။ ဒေဝါလီခံခြင်း၏ အလုံးစုံအကျိုးသက်ရောက်မှုသည် အကန့်အသတ် ရှိမည်ဟု မျှော်လင့်ထားကြောင်း သတင်းတွင် ဖော်ပြထားသည်။  

တရုတ်တွင် အိမ်ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ဆက်လက်ကျဆင်းသွားပြီး ကောင်းမွန်သော မူဝါဒများရှိ နေသော်လည်း ၂၀၂၄ ခုနှစ်တွင် စိန်ခေါ်မှုများ ဆက်လက်ရှိနေဦးမည်ဟု တရုတ်အခြေစိုက် CRIC ငွေချေးသက် သေခံ လက်မှတ်သုတေသနဌာနမှ ဖော်ပြခဲ့သည်။ စားသုံးသူယုံကြည်မှု နည်းပါးခြင်းနှင့် လက်ကျန်အိမ်ရောင်း အလွန်အမင်းများပြားခြင်းကြောင့် တရုတ်၏ အိမ်ရာဈေးကွက်သည် အချိန်အတော်ကြာ နှေးကွေးသွားနိုင်သည်။  

၂၀၂၃ခုနှစ်အစောပိုင်းက တရုတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်များသည် သိသိသာသာ အလုပ်အကိုင်နည်းပါး ကြောင်းနှင့် တိုက်ခန်းစျေးများ ကျဆင်းမှုကြောင့် အဆောက်အအုံများဆောက်လုပ်မှု ရပ်တန့်သွားကြောင်း အမေရိကန်အခြေစိုက် နေ့စဉ်သတင်းတစ်ခုတွင် ၂၀၂၃ခုနှစ် အစောပိုင်းက ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ တွင် လက်ရှိအိမ်များ၏ ဈေးနှုန်းများသည် ပြီးခဲ့သည့် နှစ်နှစ်က အမြင့်ဆုံးဈေးနှုန်းထက် ၂၀၂၃ခုနှစ် ဩဂုတ်လအစောပိုင်းတွင် ပျမ်းမျှ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထန်ကျင်းသုတေသနအဖွဲ့ Beike Research Institute က ဖော်ပြခဲ့သည်။ ငှားရမ်းခလည်း ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 

ထို့ပြင် ဆောက်လုပ်ရေးကုမ္ပဏီများက ချေးယူထားသည့် ငွေများ ပြန်ဆပ်ရန်ပျက်ကွက်မှုကြောင့် တရုတ်ဘဏ် လုပ်ငန်းကဏ္ဍသည် ငွေများပြန်လည်ရရှိရေးအတွက် ရုန်းကန်နေရသည်။  

ဒေသန္တရအစိုးရများနှင့် ယင်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများထံသို့ ချေးထားသည့် ချေးငွေများနှင့် ဆက်စပ်နေခြင်းကြောင့် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်သူများထံမှ ချေးငွေများ ချက်ချင်းပြန်လည်ရရှိရေးအတွက် အဓိကအခက်အခဲဖြစ်နေကြောင်းThe New York Times က ဖော်ပြခဲ့သည်။