အငြင်းပွားမှုတွေနဲ့ ဆန္ဒပြမှုတွေကြား မက္ကဆီကိုစီးတီးမှာ နွားရိုင်းသတ်ပွဲ ပြန်လည်ပြုလုပ်

Photos: AFP/EPA

By PKThawn

တရားရုံးချုပ်က ဆိုင်းငံ့ထားမှုကို ရုပ်သိမ်းပြီးနောက် မက္ကဆီကိုမြို့တော်သို့ နွားရိုင်းသတ်ပွဲ ပြန်လည်ရောက်ရှိလာချိန်မှာတော့ မက္ကဆီကိုစီးတီးရဲ့ ပလာဇာက ထိုင်ခုံအလုံးရေ ၅၀,၀၀၀ လောက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး နွားရိုင်းသတ်ကွင်းမှာ ပရိသတ်တွေ စုဝေးခဲ့ကြပါတယ်။

မြို့တော်ဟာ ၂၀၂၂ နောက်ပိုင်း ၎င်းရဲ့ ပထမဆုံးနွားရိုင်းသတ်ပွဲကို တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တာပါ။

တရားသူကြီးတဦးက မက္ကဆီကိုစီးတီးရှိ ရာစုနှစ်များစွာ သက်တမ်းရှိ ရိုးရာအလေ့အထကို အကန့်အသတ်မရှိ ဆိုင်းငံ့ဖို့ ၂၀၂၂ ဇွန်လမှာ အမိန့်ချခဲ့တာဖြစ်ပြီး ဒါကို တရားစွဲဆိုတင်သွင်းတဲ့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေနဲ့ သဘောတူညီခဲ့တာပါ။

တရားရုံးချုပ်က ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့လက ရုပ်သိမ်းလိုက်ပေမယ့်လည်း ထောက်ခံသူတွေနဲ့ အတိုက်အခံတွေကြား တရားရေးအရ တိုက်ပွဲဖြစ်လာဖွယ်ရှိပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ အများစုမှာ နွားရိုင်းသတ်ခြင်းကို ခွင့်ပြုထားဆဲဖြစ်ပါတယ်။

“နွားရိုင်းသတ်ပွဲက ပရိသတ်တွေကို လေးစားမှုရှိတယ်၊ သူတို့ (ဆန္ဒပြသူတွေ)ကလည်း လေးစားထိုက်တဲ့ အနေအထားမှာရှိတယ်ဆိုတာ ကျနော် ယုံကြည်တယ်၊ ဒါပေမယ့် ကျုပ်တို့ရဲ့ ပရိသတ်တွေကို အပြန်အလှန်အနေနဲ့ တလေးတစားရှိဖို့ တောင်းဆိုပါတယ်၊”လို့ အသက် ၅၂ နှစ်အရွယ် ဟွမ်လူးဝစ် မိုရာလက်စ်က ပြောပါတယ်။

“နွားရိုးသတ်ပွဲ ယဉ်ကျေးမှုရဲ့ အရေးပါမှုက ပထမအချက် နွားရိုင်းပါပဲ။ နွားရိုင်းက အဓိကအချက်အခြာဖြစ်ပြီး ဒီအတွက်ကြောင့်ပဲ မွေးမြူထားတဲ့ တိကျတဲ့မျိုးစိတ်တခုပါ။ စီးပွားရေးအရ အကျိုးသက်ရောက်တာကို တွေ့ရမှာမို့ပါ။ နွားရိုင်းသတ်ပွဲကြောင့် အလုပ်အကိုင်တွေ အများကြီးရလာတယ်။ စီးပွားရေးအရ အများကြီး မှောင်းနှင်ပေးပါတယ်။”လို့ အသက် ၄၉ နှစ်ရှိ အလက်ဟန်ဒါး ဒီယက်ဇ်က ပြောပါတယ်။

“သူတို့ကို ပထမဆုံး ပြောချင်တာက (နွားရိုင်းသတ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ) ကျနော် သူတို့ကို အရမ်းလေးစားတယ်။ သူတို့မှာ သူတို့ရဲ့ အခွင့်အရေးတွေ ရှိတယ်။ ဒါပေမယ့် ဒီနွားရိုင်းသတ်ခြင်း အနုပညာနဲ့ပတ်သက်လို့ ဝါသနာပါတဲ့ ကျနော်တို့မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။”လို့ အသက် ၆၀ အရွယ် ရှေ့နေ ဂါဘီရယ် ဟာနန်ဒက်ဇ်က ပြောပါတယ်။

“ညှဉ်းပန်းနှိပ်စက်မှုက အနုပညာမဟုတ်သလို ယဉ်ကျေးမှုလည်းမဟုတ်”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နွားရိုင်းသတ်ပွဲကို ချီတက်ခြင်းမပြုခင် Glorieta de Insurgentes အဝိုင်းမှာ အစောပိုင်းက ဒါဇင်နဲ့ချီတဲ့ လူတွေစုဝေးခဲ့ကြပါတယ်။

“သူတို့ရဲ့ရိုင်းစိုင်းမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေရယ်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြန်စတော့မှာဆိုတော့ ဒီနေရာမှာရှိနေဖို့က အရေးကြီးတယ်။ အဲဒါက မဖြစ်သင့်ပါဘူး၊ ကျနော်တို့တွေက သူတို့ကို တော်တော်လေးရှင်းတဲ့ သတင်းစကား ပို့ရပါမယ်”လို့ အသက် ၆၂ နှစ်အရွယ် ဆန္ဒပြသူ ဂါဘရီရယ် မာတီနက်ဇ်က AFP ကို ပြောပါတယ်။

“နွားရိုင်းသတ်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုတဲ့အချက်ကို ကျနော်တို့ လုံးဝကန့်ကွက်ပါတယ်၊ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်မှုကနေ သာယာမှုကိုသာ ရှာပြီး ဒီပွဲတွေကို ဆက်လက်ကျင်းပမြဲဖြစ်ကြအုံးမှာပါ။”လို့ NGO Animal Heroes ရဲ့ ဒါရိုက်တာ ဂျရိုနီမိုဆန်းချက်ဇ်က ပြောပါတယ်။

အထက်တရားရုံးရဲ့ ဆုံးဖြတ်ချက်အပြီးမှာ သမ္မတ အန်ဒရီ မန်နူရယ် လိုပက်ဇ် အော်ဘရာဒိုက မက္ကဆီကိုစီးတီးမှာ နွားရိုင်းသတ်ပွဲတွေရဲ့ အနာဂတ်အတွက် လူထုဆန္ဒခံယူပွဲကျင်းပနိုင်ခြေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မက္ကဆီကိုရဲ့ ပြည်နယ် ၃၂ ခုမှ ပြည်နယ် လေးခုက ယင်းအလေ့အထကို ပိတ်ပင်ထားပြီးဖြစ်ပြီး ၎င်းရဲ့ ပရိတ်သတ်တွေအဆိုအရ နွားရိုင်းသတ်ပွဲက ဝင်ငွေသန်းပေါင်းများစွာကို ရှာပေးကာ ၂၀၁၈ မှာ လူ ၈၀,၀၀၀ ခန့်ကို အလုပ်အကိုင်ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။

Ref; AFP