အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ကို ရောက်လာဖို့ ‘၉၉ ရာခိုင်နှုန်း’ သေချာနေပြီလို့ လာလီဂါအကြီးအကဲ ပြော

By PK Thawn

စူပါကြယ်ပွင့် တိုက်စစ်ကစားသမား ကိုင်လီယန်ဟာ လာမယ့် ရာသီမှာ ရီးယဲလ်မက်ဒရစ်အတွက် ကစားပေးလိမ့်မယ်ဆိုတာက ကြိမ်းသေပေါက်နီးပါးဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း စပိန်လာလီဂါ အကြီးအကဲ ဂျာဗီယာ တီဘက်စ်က သောကြာနေ့မှာ ထုတ်ဝေခဲ့တဲ့ ပြင်သစ်နေ့စဉ်သတင်းစာ L’Equipe နဲ့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်အသင်းခေါင်းဆောင်က သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန် နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ ပဲရစ်စိန့်ဂျာတာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့တာပါ။

“အမ်ဘာပေ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူဟာ ရီးယဲလ်နဲ့ စာချုပ်လိမ့်မယ်ဆိုတာ ၉၉ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် သူ လက်မှတ်ထိုးပြီးပြီလားဆိုတာကိုတော့ ကျနော် မသိရသေးပါဘူး”လို့ လာလီဂါဥက္ကဌ တီဘက်စ်က ပြောပါတယ်။

ငယ်ဘဝကတည်းက လေးစားအားကျရတဲ့ ရီးယဲလ်မက်ဒရစ်ဖြစ်ကြောင်းကို အမ်ဘာပေက ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်းမရှိပါဘူး။ ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ပါရမီရှင်တွေထဲမှ တဦးကို ပိုင်ဆိုင်ဖို့ ရေပန်းစားနေခဲ့တာပါ။

“ဒါက ရီးယဲလ်နဲ့ စပိန်ဘောလုံးလောကအတွက် သတင်းကြီးပါပဲ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ပါ။ ကျနော့်အမြင်အရတော့ (ဂျုဒ်) ဘယ်လင်ဟမ်၊ (အာလင်း) ဟာလန်းနဲ့ အမ်ဘာပေတို့ဟာ ကမ္ဘာ့ အလွှမ်းမိုးနိုင်ဆုံး ကစားသမား သုံးယောက်ဖြစ်တယ်။ ပြီးတော့ နှစ်ယောက်က ရီးယဲလ်မှာ ရှိနေပါပြီ”လို့ တီဘက်စ်က ပြောပါတယ်။

ရီးယဲလ်နဲ့ အမ်ဘာပေတို့ကြားက လစာညှိနှိုင်းမှုဟာ တိုးတက်တဲ့ အဆင့်မှာရှိတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တီဘက်စ်က ရီးယဲလ်မက်ဒရစ်ရဲ့ လည်ပတ်ပုံကိုလည်း ချီးကျူးခဲ့ပါတယ်။

“စီးပွားရေးအပိုင်းမှာတာ့ သူတို့က အရမ်းကို ထိထိရောက် တုံ့ပြန်နိုင်တယ်”လို့ သူက ဆိုပါတယ်။

“လောလောဆယ် သူတို့ရဲ့ ဘဏ္ဍာရေး ရလဒ်တွေက အရမ်းကောင်းပြီး သူတို့တွေက လိုအပ်တာထက်ကို အများကြီး ပိုသုံးနိုင်တယ်။ ရီးယဲလ်ဟာ ငွေကြေးပိုင်းအရ သတိကြီးကြီးထားပြီး အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် ပြင်ဆင်ထားခဲ့တာပါ။”

(AFP)