အမျိုးသမီးဘောလုံးလောကရဲ့ ကမ္ဘာ့စံချိန်တင် ဖြစ်လာဖွယ်ရှိတဲ့ ပြောင်းရွှေ့ကြေးဖြင့် ချယ်လ်ဆီးကို ရောက်လာတဲ့ ရာမီရက်ဇ်

ချယ်လ်ဆီးအသင်းဟာ အမျိုးသမီးဘောလုံးလောက အပြောင်းအရွှေ့အတွက် ကမ္ဘာ့စံချိန် ချိုးဖျက်လာနိုင်ဖွယ်ရှိတဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗန်တေးတိုက်စစ်မှူး မေရာ ရာမီရက်ဇ်ကို ခေါ်ယူလိုက်ပါတယ်။

စပိန်ကလပ် လီဗန်တေးက သူတို့ဟာ ကိုလံဘီယာတိုက်စစ်မှူးအတွက် ယူရို ၄၅၀,၀၀၀ (ပေါင် ၃၈၅,၀၀) အပြင် add-ons ကြေး ယူရို ၅၀,၀၀၀ (ပေါင် ၄၄,၄၄၆) အထိ ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

ရာမီရက်ဇ်ဟာ ဒီရာသီ လီဗန်တေးအသင်းအတွက် ခုနစ်ပွဲကစား ခြောက်ဂိုးသွင်းထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ရာမီရက်ဇ်ဟာ ဗြိတိန်အမျိုးသမီးဘောလုံးသမိုင်းတလျှောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာပါတယ်။ ၂၀၂၃ မှာ ဝုဖ်ဘတ်မှ မန်ချက်စတာစီးတီးကို ပေါင် ၃၀၀,၀၀၀ ကျော်ဖြင့် ရောက်ရှိလာခဲ့တဲ့ ဂျေးလ်ရူးလ်ကို ကျော်ဖြတ်ခဲ့တာပါ။

Add-ons ကြေး အားလုံးကို ပေးချေပြီးပါက ရာမီရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးက ၂၀၂၂ မှာ ဘာစီလိုနာကို ရောက်သွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ကီရာဝေါ့ရှ်ရဲ့ ပေါင် ၄၀၀,၀၀၀ ကိုလည်း ကျော်တက်ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ကမ္ဘာ့စံချိန်သစ်တခု ဖြစ်လာမှာပါ။

ရာမီရက်ဇ်ဟာ ကိုလံဘီယာအသင်းအတွက် ပွဲ ၃၀ ပြည့်ကစားပေးထားပြီး စပိန်အမျိုးသမီးဘောလုံးလောကရဲ့ ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးလေးနှစ်အတွင်း ပြိုင်ပွဲစုံ ၉၅ ပွဲမှာ ၃၂ ဂိုး သွင်းယူထားပါတယ်။

အမျိုးသမီးစူပါလိဂ်ချန်ပီယံများ ချယ်လ်ဆီးဟာ သြစတြေးလျကြယ်ပွင့် ဆမ်ကားရ်ကို အရွတ်ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ ဆုံးရှုံးခဲ့ရပြီးနောက် လန်ဒန်ကို သူမရောက်ရှိမှု ဖြစ်လာတာပါ။

“ဒီလိုကြီးမားတဲ့ ကလပ်အသင်းတသင်းမှာ ပါဝင်ခွင့်ရဖို့ အိပ်မက်တခု တကယ်ဖြစ်လာပြီဖြစ်သလို ကျမ ငယ်ငယ်လေးကတည်းက ရှိခဲ့ဖူးတဲ့ အရာတခုပါ”လို့ ရာမီရက်ဇ်က သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ကလပ်အသင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ အမ်မာဟေးယက်စ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားရာမှာတော့ ရာမီရက်ဇ်ရဲ့ “အရည်အချင်းတွေကို လူတိုင်းသိမယ်ထင်ပါတယ်။ သူမဒီမှာရှိနေလို့ အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး သူ့ကို ရတဲ့အတွက် တကယ့်ကိုပဲ စိတ်လှုပ်ရှားနေပါတယ်။

“သူမရဲ့ ကာယပိုင်းက မယုံနိုင်စရာပါပဲ၊ ဒါက အမှန်ပါပဲ။ သူ့မှာ ကြီးမားတဲ့ အရပ်အမောင်းကြီးမားရှိပေမယ့် ပါဝါရှိပြီး ဘောလုံးနဲ့အတူ လျင်မြန်တယ်။ သူက ဂိုးဧရိယာအတွင်း ခြိမ်းခြောက်နိုင်သူဖြစ်ပြီး ဂိုးတွေ သွင်းတယ်။

“သူမ အင်္ဂလိပ်စကား မပြောတတ်သေးတဲ့အတွက် ကျမတို့တွေ နှစ်ယောက် သုံးယောက်လောက်က သူ့ကို ကူညီပေးနေကြပါတယ်။ အခြေကျဖို့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်။ ဒါပေမယ့် သူမက ကျမတို့ လိဂ်ကို အရည်အသွေးတွေ အများကြီး ယူဆောင်လာပေးမယ်ဆိုတာ သေချာပါတယ်။”

Ref; AFP