ပုလောနှင့် လောင်းလုံးတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိ

ဓာတ်ပုံ – လောင်းလုံးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တဦး ထိခိုက်ဒဏ်ရာရခဲ့သည်ကို တွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောနှင့် လောင်းလုံးမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ် မီးလောင်ချောင်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ဟုတ်ပါတယ်၊ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါသေးတယ်။ လက်တလော အသေးစိတ် မပြောနိုင်သေးပါဘူး၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာမှာကို စိုးရိမ်နေရတယ်”ဟု ပုလော PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ပုလောမြို့နယ် မီးလောင်ချောင်းပျူစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး PDF ရဲဘော်အချို့ ထိခိုက်ကိဆုံးမှုများရှိကြောင်း တော်လှန်ရေးရဲဘော်များထံမှသိရပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေသည်။

အလားတူ ယနေ့နံနက်ပိုင်းက လောင်းလုံးမြို့တွင် စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းနှင့် စရဖရုံးတို့ ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်နေပြီး ပိတ်မိ နေသော အရပ်သားများ ထိခိုက်ဒဏ်ရာရမှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“အခုချိန်ထိ နှစ်ဖက်ပစ်ခတ်မှုတွေရှိနေသေးတယ်။ အပြန်အလှန်ပစ်ခတ်မှုက မရပ်သေးဘူး၊ လေကြောင်း ပစ်ခတ်မှုတွေလာမှာကို စိုးရိမ်နေရတယ်”ဟု လောင်းလုံးမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

လောင်းလုံးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုမရှိသေးသော်လည်း စမ်းလှန်းကျေးရွာအနောက်ဖက် ပင်လယ်ပြင်အတွင်းမှ စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း တော်လှန်ရေးအဖွဲ့များထံ မှ သိရသည်။

ပုလောမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် ဒေသခံများအား ဗုံးခိုကျင်းများတူးထားရန် မြိတ် ခရိုင် တပ်ရင်း(၁) ပုလော PDF က ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် အကြံပြုချက်ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ