My Duty ဇာတ်လမ်းရုပ်ရှင် ဝင်ငွေများဖြင့် သိန်း၂၀၀ ကျော်တန်ဖိုးရှိ လက်တော့ပ်များ ထပ်မံလှူဒါန်း

“RAM LIAN (Myduty) ” ရုပ်ရှင်မှရရှိငွေများဖြင့် CNA အတွက် လက်တောပ့်များ လှူဒါန်းမှုမှတ်တမ်း/ဓာတ်ပုံ။ ။ Salai Tialbawiling

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းတိုင်းရင်းသားများ၏ နွေဦးတော်လှန်ရေးသမိုင်း‌ကြောင်း အခြေခံရိုက်ကူးထားသော “RAM RIAN( My Duty)” ရုပ်ရှင်ဇာတ်လမ်းတို ပြသမှုမှရရှိသည့် အလှူငွေများဖြင့် ချင်းအမျိုးသားတပ်ဦး (CNA/ CNF) အတွက် လက်တော့ပ်ကွန်ပျူတာများ ထပ်မံလှူဒါန်းခဲ့ကြောင်း ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာဆလိုင်းတီလ်းဘွေလိန်း ကပြောသည်။

စစ်အာဏာရှင်အား လက်နက်စွဲကိုင်တိုက်ခိုက်သည့် ချင်းအမျိုးသမီးတဦးအကြောင်း အခြေခံထားသော My Duty ရုပ်ရှင်ကို ပြီးခဲ့သည့်ဇူလိုင်လတွင် ရိုက်ကူးခဲ့ပြီး နိုင်ငံအချို့၌ ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေခြင်းဖြစ်သည်။ ယခုအခါ ရရှိထားသည့် ရန်ပုံငွေထဲမှ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိသော လက်တောပ့်စ် ငါးလုံးနှင့် အိုင်ပတ်တလုံးတို့ကို ချင်းအမျိုးသားတပ်ဦး (CNA)ထံသို့ ပေးအပ်လှူခဲ့ပေးကြောင်း ဒါရိုက်တာဆလိုင်းတီလ်းဘွေလိန်းက မဇ္စျိမအားပြောသည်။

၎င်းကဆက်လက်၍ ” ဒီလိုမျိုးလှူဒါန်းခြင်းဟာဆိုရင် လှူဒါန်းတယ်ဆိုတာက ကိုယ့်မှာရှိတာလေးတွေနဲ့ လိုအပ်နေတဲ့သူတွေ ထောက်ပံ့တာက ပျော်ဖို့ကောင်းပါတယ်။ အဲ့ဒီ အရသာက ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတိုကို နောက်လကျရင် အမေရိကားနိုင်ငံတဝိုက်မှာ ဆက်လက်ပြသပါမယ်။ ဆက်ပြီးအားပေး ကြည့်ရှုပေးကြဖို့ တောင်းဆိုချင်ပါတယ်။”
ဟု ဆိုသည်။

ထို့အပြင် “RAM RIAN( My Duty)” ရုပ်ရှင်ဇာတ်လမ်းတိုလာကြည့်သူ ပရိတ်သတ်အချို့မှလည်း ချင်းအမျိုးသားတပ်ဦး (CNA)အတွက် လူနာတင်ယာဉ်ကားတစီးကိုလည်း လှူဒါန်းပေးခဲ့ကြောင်း ဒါရိုက်တာထံမှ သိရသည်။

ထို့အပြင် မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာမြို့ရှိ မြန်မာစစ်ဘေးရှောင်များအတွက် အိန္ဒိယရူပီး ၂၅,၀၀၀နှင့် အိုင်ဇော်တွင် မြေမြုပ်မိုင်းထိ၍ ဆေးကုသမှုခံယူလျက်ရှိသော တော်လှန်ရေးရဲဘော်များအတွက် အိန္ဒိယရူပီး ၂၅,၀၀၀လှူဒါန်းပေးခဲ့ပြီး ၎င်းတို့ထံ ကိုယ်တိုင်သွားရောက်ကာ အားပေးစကားပြောကြားပေးခဲ့ကြောင်း ဒါရိုက်တာဆလိုင်းတီလ်းဘွေလိန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်းမှာလည်း RAMRIAN (My Duty)ရုပ်ရှင်မှ ရရှိခဲ့သော အလှူငွေများထဲမှ ကျပ်သိန်း ၉၀အား ချင်းကာကွယ်ရေးတပ်-ဟားခါး (CDF-Hakha) သို့ ကျပ်သိန်း ၅၀နှင့် ချင်းအမျိုးသားတပ်ဦး (CNA)ထံသို့ ကျပ်သိန်း ၄၀ ပေးလှူခဲ့သေးသည်။

RAMRIAN (My Duty)ရုပ်ရှင်ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့၊ Bupyeong Stationတွင် ပြသခဲ့ပြီး အလှူငွေအမေရိကန်ဒေါ်လာ ၁၁,၀၀၀ကျော်ရခဲ့ကြောင်း သိရသည်။ ယင်းနောက် ဒီဇင်ဘာလပထမပတ်တွင် မလေးရှားနိုင်ငံ၌ ထပ်မံပြသခဲ့သည်။ ဒီဇင်ဘာလ ၂၂ရက်နေ့တွင်လည်း ဩစတြေးလျနိုင်ငံ အရှေ့မဲလ်ဘုန်း (Eastern Melbourne)နှင့် Perth တို့တွင်ပြသခဲ့ရာ အလှူငွေအမေရိကန်ဒေါ်လာ ၁၅,၀၀၀ကျော်ရရှိခဲ့သည်။

RAMRIAN (My Duty)ရုပ်ရှင်ကို စစ်ကောင်စီတပ်က မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သော ထန်တလန်မြို့၊ ထာအိုကျေးရွာနှင့် CNA ဌာနချုပ်ရှိရာ ဗစ်တိုးရီးယား စခန်းတို့၌ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ချင်းတိုင်းရင်းသူအမျိုးသမီးတဦးသည် အမေရိကန်နိုင်ငံတွင် ကျောင်းတက်ပြီး ၎င်း၏နေရပ် ထန်တလန်မြို့သို့ ပြန်လာချိန်၌ တမြို့လုံးပြာကျသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် စစ်ကောင်စီ၏အကြမ်းဖက်မှုများအား လက်မခံနိုင်၍ တော်လှန်ရေးတပ်ဖွဲ့များထံဝင်ရောက်ပြီး တိုက်ပွဲဝင်ပုံကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)