ရခိုင်မှ စစ်ကောင်စီတပ်ရင်း၂ခုကို AA ထပ်မံသိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့၀င်များ ဘင်္ဂလားဒေ့ရ်ှသို့ ဆက်တိုက်ထွက်ပြေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ

002

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်၊ကျောက်တော်နှင့် ‌မြောက်ဦးရှိ တပ်ရင်းနှစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ထပ်မံသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များ ဘင်္ဂလားဒေ့ရ်ှသို့ ဆက်တိုက်ထွက်ပြေးလျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ယမန်‌‌နေ့ဖေဖော်ဝါရီ ၅ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၉)လက်အောက်ခံ ခမရ (၃၇၆)တပ်ရင်း တရင်းလုံးအား ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၂နာရီတွင်လည်းကောင်း၊ မြောက်ဦးမြို့ရှိ ခမရ (၃၇၈)တပ်ရင်းတရင်းလုံးအား ဖေဖော်ဝါရီ ၅ ရက်၊ နံနက် ၉ နာရီခွဲတွင်လည်းကောင်း AA က အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဟု ညီနောင်သုံးဖွဲ့က ဆိုသည်။

ကျောက်တော်မြို့တွင် စကခ(၉)၊ ခမရ (၃၇၅)၊ ခမရ (၃၇၆)၊ ခမရ (၃၇၄) တပ်ရင်းများရှိသည့် အနက် ဇန်နဝါရီ ၃၀ ရက်တွင် ခမရ (၃၇၄)ကို သိမ်းပိုက်ထားသဖြင့် စုစုပေါင်း တပ်ရင်းနှစ်ခုကို AA ကသိမ်းပိုက်ပြီး ဖြစ်သည်။ကျောက်တော်မြို့တွင် AA က သိမ်းပိုက်ရန် ကျန်ရှိသည့်နေရာမှာ အမှတ် (၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့်ခမရ (၃၇၅)တို့ဖြစ်ပြီး ယင်းနှစ်နေရာကိုလည်း အပြီးသတ်သိမ်းပိုက်ရန် တ၀က်တပျက်သာ ကျန်ရှိတော့သည်ဟုဆိုသည်။

မြောက်ဦးမြို့တွင် တပ်ရင်း သုံးရင်းနှင့် ရဲတပ်ရင်းတခုရှိပြီးတပ်ရင်းနှစ်ရင်းကို AA က သိမ်းပိုက်ထားသည်။ဇန်နဝါရီ ၃၀ ရက်တွင် ‌မြောက်ဦးမြို့ရှိ ခမရ (၅၄၀)တပ်ရင်းနှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ခမရ(၃၇၈) တို့အား AAကတိုက်ခိုက် သိမ်းယူခဲ့သည်။ကျန်ရှိနေသည်မှာ ခမရ (၃၇၇) တပ်ရင်းနှင့် ရဲတပ်ရင်း (၃၁)တို့ဖြစ်သည်။

ထို့ပြင် တောင်ပြို(လက်ဝဲ)စခန်းကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ ယင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င်များ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်သို့ ထပ်မံထွက်ပြေးခဲ့သည်ဟု ညီနောင်သုံးဖော်က ထုတ်ပြန်သည်။ဖေဖော်ဝါရီ ၄ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့၀င် ၆၀ ကျော်ထွက်ပြေးခဲ့ရာ AA တိုက်ခိုက်မှု‌ကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်သို့ ၀င်‌ပြေးရခြင်းမှာ သုံးကြိမ်မြောက်ဖြစ်သည်။

ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၁၄ ဦး၊ ဖေဖော်ဝါရီ ၄ ရက်တွင် ၆၀ ကျော်နှင့် ယခုထွက်ပြေးသည့်အရေအတွက်ကို မသိရသေးပေ။

ရခိုင်ပြည်နယ်တွင် အညံ့မခံသည့် စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်ချေမှုန်းမည်ဟု AAက ‌ကြေညာထားသည်။

နယ်စပ်ဒေသများတွင်ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံဘက်သို့လည်း ထွက်ပြေးခိုလှုံမှုများ ရှိခဲ့သည်။

စာတည်း – အေးချမ်း