အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ(T-NUG) ပြန်လည်ဖွဲ့စည်းမည်

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။ ။ တော်လှန်ရေးအလွန်ကာလတွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကို ဖွဲ့စည်းမည်ဟု တော်လှန်ရေးအစုအဖွဲ့မှ ဘုံသဘောထားရပ်တည်ချက်ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNF) စသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ပြည်သူလူထု၏ မဲပေးရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးနှင့် စနစ်ပြောင်းလဲရေး တည်ဆောက်မှုအတွက် အသုံးချရန်ဖြစ်ကြောင်း ဖော်ပြသည်။ တော်လှန်ရေးအလွန်ကာလတွင်မူ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ်တည်ဆောက်ရန် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကို ကနဦးဖွဲ့စည်းမည်ဟု ဖော်ပြသည်။ ဖက်ဒရယ်ယူနစ်အစိုးရများကိုလည်း သက်ဆိုင်ရာပြည်နယ်၊ ဖက်ဒရယ်ယူနစ်အလိုက် လွတ်လပ်စွာဖွဲ့စည်းမည်ဟုဆိုသည်။

ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးချမှတ်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အား တည်ဆောက်အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်သည် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရရှိနိုင်ရန် မျှော်မှန်းပြီး နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည်မဟုတ်ဟုလည်း ဖော်ပြသည်။

ယနေ့ ထုတ်ပြန်သည့် ဘုံသဘောတူညီချက်တွင် နိုင်ငံရေးဦးတည်ချက် ခြောက်ချက်၊ ရပ်တည်ချက် ကိုးရပ်နှင့် လုပ်ငန်းစဉ် ခြောက်ရပ်ပြဋ္ဌာန်းထားပြီး အဆိုပါ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည်ကြောင်း ဖော်ပြသည်။

စာတည်း – သန့်ဇော်(သန်လျင်)