စစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်

ပုံစာ- တာဝန်မှအနားပေးလိုက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး (ဓာတ်ပုံ -တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

မောင်ခက်နွေ

(မဇ္ဈိမ)။ ။အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးကို ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့ညပိုင်းက ကြေညာခဲ့သည်။

စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သည့် ဦးသိန်းစိုးသည် အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရာထူးမှ အနားယူခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက် အဆိုပါရာထူးကို တကျော့ပြန် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

ဦးသိန်းစိုး၏ ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အနိုင်ရ NLD အပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းခြင်းကို လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးသည် စစ်ကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြိမ်ကြိမ်ပြောဆိုနေသော်လည်း ကျင်းပမည့် အချိန်ကာလကိုတော့ အခုအချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ်အဖြစ် ဦးကိုကိုအားခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ