နတ်မောက်မှ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ပုံအညွှန်း – အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေအင်အားစု OPRF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

MTO

(မဇ္ဈိမ) ။   ။ မကွေးတိုင်း၊နတ်မောက်မြို့နယ်၊ကုလားရှင်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့အထိုင်ချထားသည့် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့(OPRF) က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို ယမန်‌နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၆နာရီ ၂၇ မိနစ်အချိန်တွင် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းOPRF အဖွဲ့ တာဝန်ရှိသူက  ပြောသည်။

“ ပြောက်ကျားဝင်ပစ်တာဆိုတော့ အချိန်အနည်းငယ်ပဲ ယူခဲ့ပါတယ်။ စကစဘက်က အထိအခိုက်အကျအဆုံး မသိရသေးပါဘူး “ ဟုပြောသည်။

စစ်ကောင်စီတပ်ဖက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိခဲ့ကြောင်းOPRF အဖွဲ့ က ဆိုသည်။

” အပြန်အလှန်ပစ်ခတ်သံတွေကြားတယ်။ စစ်တပ်ဂိတ်အတိုက်ခံရတာတော့ ဒီမနက်မှ သိရတာ” ဟု နတ်မောက်ဒေသခံတဦးကပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် နတ်မောက်မြို့နယ်အတွင်းရှိ စစ်ဆေးရေဂိတ်များအနက် ဒေသခံလူထုကို နည်းမျိုးစုံ ဖြင့်ဖိနှပ်နေသည့် အဆိုးဆုံး စစ်ဆေးရေးဂိတ် ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“မတရား ဖမ်းဆီးတာရှိတယ်။ငွေကြေးအဆမတန် တောင်းယူတာတွေရှိတယ်။ ခရီးသွားပြည်သူတွေ ကိုလည်း စကားလုံးမျိုးစုံနဲ့ခြိမ်းမြောက်နေတဲ့ဂိတ်ပါ” ဟု OPRF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက်  စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်အနီးတဝိုက်၌ ကင်းများ ဖြန့်ချထားပြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း