ပဟေဠိသဖွယ် ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

၀၀၁ ရေးသားသည်။

တရားခွင်နဲ့တူအောင် ပြင်ဆင်ထားတဲ့ အခန်းငယ်တခုမှာ ထိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက နောက်ဆုံးတခေါက် မြင်တွေ့ခဲ့ရတာဟာ စစ်အာဏာသိမ်းပြီးနောက် လေးလနီးပါး အကြာမှာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီဝန်းထဲမှာရှိတဲ့ အဲဒီတရားခွင်မှာ နိုင်ငံ့ခေါင်းဆောင်တွေကို ပထမဆုံး လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့လည်း ဘေးကပ်လျက်က ထိုင်ခုံမှာ အသီးသီးထိုင်နေကြတဲ့ ဓာတ်ပုံကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

နေပြည်တော်မှာ ပြုလုပ်တဲ့ ပွဲအခမ်းအနားတွေ၊ ပြည်တွင်း၊ ပြည်ပခရီးတွေမှာ ပန်းပန်ဆင်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲနေ့မှာတော့ ပန်းပန်ထားတာ မတွေ့ရပါဘူး။

Covide-19 ကာလလည်းဖြစ်လို့ တရားခွင်ထဲက အခြားသူတွေနည်း နားခေါင်းစည်း တပ်ဆင်ထားတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာဖြစ်ပြီး အခုဆို သူမ လူမြင်ကွင်းက ပျောက်ကွယ်နေတာ အာဏာသိမ်းကာလ သုံးနှစ်တိတိ ရှိလာပြီ ဖြစ်ပါတယ်။

သွယ်လျတဲ့ ခန္ဓာကိုယ်အသွင်အပြင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးခံထားရတဲ့ကာလအတွင်း ပိုပြီးတော့ ကိုယ်ရည်စစ်သွားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ နှစ်နှစ်နီးပါးကာလကို စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့အမှုတွေအတွက် တရားရုံး အကြိမ်ကြိမ်တက်ရောက်ပြီး ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ပြုလုပ်ခဲ့တဲ့ ရုံးချိန်းတခုကနေစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူပန်ဆင်ထားတဲ့ နားကပ်ကိုပါ ချွတ်ထားရပြီး အဖြူရောင်အင်္ကျီ၊ အညိုရောင်လုံချည်ကို ဝတ်ဆင်ခဲ့ရကာ စစ်ကောင်စီက သူ့ကို အကျဉ်းသားတဦးလို ရုံးချိန်းတက်ရောက်စေခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကတော့ လက်ကျန်အမှုတွေကို အမိန့်ချမှတ်တဲ့နေ့ ဖြစ်ပါတယ်။

“သူကတော့ ဘာမှတုန်လှုပ်တဲ့ သူမှမဟုတ်တာ။ အဲ့ဒီလိုပုံစံ”လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

နောက်ဆုံးတရားခွင်ဖြစ်တဲ့ အဲ့ဒီနေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ရှေ့နေတွေနဲ့ပါ အဆက်အသွယ်ပြတ်တောက်သွားခဲ့ရပါတယ်။

ရှေ့နေတွေနဲ့ တွေ့ခွင့်မပေး

စစ်တပ် အာဏာသိမ်းပြီးနောက်၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖွဲ့ချုပ်ဝင် စုစုပေါင်း ၁,၂၉၀ ဦး ဖမ်းဆီးခံထားရပြီး ဖမ်းဆီးထားစဉ် ကာလအတွင်းသေဆုံးသူ ၁၀၁ ဦးရှိတယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီရဲ့ နိုဝင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

လက်ရှိမှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသလို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ ပြန်ခွင့်ပြုခဲ့တဲ့ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့်လည်း မရတဲ့သူတွေ ရှိနေပါတယ်။

‌ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီသူတွေထဲမှာ ထိပ်ဆုံးကပါဝင်ပြီး လက်ရှိမှာ သူ့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရဘဲ သတင်းအစအန ပျောက်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးနေတာ ပဟေဋိသဖွယ်ဖြစ်နေ

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အတွင်း ထိန်းသိမ်းထားတဲ့ လျှို့ဝှက်နေရာတခုကနေ ၂၀၂၂ ခုနှစ် ဇွန်လထဲမှာ နေပြည်တော်အချုပ်ထောင်မှာရှိတဲ့ သီးသန့်အဆောက်အဦးတခုထဲကို တဦးတည်းပြောင်းရွှေ့ အကျဉ်းချခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ နေအိမ်အကျယ်ချုပ် ပြန်ပြောင်းရွှေ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ဘယ်မှာရှိနေတယ်ဆိုတာ ပဟေဠိသဖွယ်ဖြစ်လာတာပါ။

စစ်ကောင်စီကလည်း သူ့ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို တိတိကျကျ ထုတ်ပြောတာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့ကတော့ အမှုကိစ္စတွေ ဆွေးနွေးဖို့ သူနဲ့ လူချင်းတွေ့ဆုံဖို့ လိုအပ်တဲ့အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး နေပြည်တော်အချုပ်ထောင် အာဏာပိုင်တွေထံ စာနဲ့ ခြောက်ကြိမ်ထက်မနည်း ရေးသားတင်ပြထားကြပေမယ့် ထူးခြားမှုတစုံတရာ မရှိသေးလို့ သိရပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှုတွေအပါအဝင် အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲခဲ့တာဖြစ်ပြီး ထောင်ဒဏ် စုစုပေါင်း ၃၅ နှစ် ချမှတ်ခဲ့ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် နှစ်နှစ်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ် လျှော့ပေါ့တာ၊ လွတ်ငြိမ်းခွင့်ပြုတာ လုပ်ခဲ့ပြီး လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ချမှတ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အဲ့ဒီအမှု ၁၉ မှုလုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အထူးအယူခံတက်ခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၂ မှုအထိ ပယ်ချခံထားရပါတယ်။

“အမှုတွေအားလုံးပယ်လိုက်ရင် ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးဖို့အတွက် ခွင့်ပြုချက်တောင်းထားတာ။ နည်းတခုက ဘာရှိလဲဆိုရင် တရားစီရင်ရေးဥပဒေပုဒ်မ ၂၀ မှာ တရားသူကြီးချုပ်ကို တင်ရတာ own portion နဲ့ခေါ်ပေးပါဆိုပြီး တင်ရတာ။ ဒါပေမဲ့ အဲ့တာတင်ဖို့အတွက်က အန်တီနဲ့တွေ့မှ ရမှာ”လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သို့သော် စစ်ကောင်စီကတော့ အဆိုပါ စာနဲ့ရေးသားတင်ပြမှုတွေကို တစုံတရာတုံ့ပြန်မှုမရှိဘဲ လျစ်လျူရှုထားဆဲ ဖြစ်ပါတယ်။

ပြင်ပဆရာဝန်နဲ့ ကုသခွင့် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်အားဖြင့် ၇၈ နှစ်အရွယ်ရှိလာပြီဖြစ်တဲ့အတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အထူးအလေးထားရမယ့် အရွယ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ဆက်လက် ရပ်တည်နိုင်ရေးအတွက် ကြားခံတဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော နေရာတွေမှာ နိုင်ငံရေးအကျဉ်းသားတဦးရပိုင်ခွင့် အခွင့်အရေးကိုမျှ မပေးဘဲ ချုပ်နှောင်ထားကြောင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ နေရာထိုင်ခင်းတွေကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေဖို့ ရည်ရွယ်ဖန်တီးထားတဲ့အတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့ NLD ကဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစုံတရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိပါသည်”လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ တတိယပတ်နဲ့ နောက်ဆုံးပတ်လောက်အတွင်းက သွားနာ ၊ သွားဖုံးယောင်ဝေဒနာကို ခံစားခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးအတွက် ပြင်ပဆရာဝန်နဲ့ ပြသခွင့်ပေးဖို့ တင်ပြခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုပေးခဲ့ဘဲ ထောင်ဆရာဝန်နဲ့သာ ကုသခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် စက်တင်ဘာလထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြင်ပဆရာဝန်နဲ့ ဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ်အယောက် ၁၃၀ ကျော်က စုပေါင်းလက်မှတ်ထိုးတောင်းဆိုမှုမျိုး ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ထံ အပတ်စဉ် တနင်္လာနေ့တိုင်း နေပြည်တော်အချုပ်ထောင်မှာ ထောင်ဝင်ပစ္စည်းပေးပို့ရလေ့ရှိပြီး သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ “နေကောင်းတယ်”လို့ ‌ထောင်ဘက်ကပြောကြောင်း ထောင်ဝင်စာပို့တဲ့အဖွဲ့နဲ့ နီးစပ်သူတဦးက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောပါတယ်။

လေလံတင်ခံရမယ့် ခြံအမှတ် (၅၄)

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အချိန်အတွင်းမှာဘဲ ရန်ကုန်တိုင်း၊ ကမာရွတ်ခရိုင်တရားရုံးက တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် (၅၄) ကို ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ လေလံတင်ရောင်းချဖို့ ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီလေလံတင်ရောင်းချမှုကိုတော့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ အမိန့်ချခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခြံအမှတ် (၅၄) ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိတဲ့ တန်ဖိုးကို တယောက် တဝက်ခွဲယူဖို့ ဒေါ်ခင်ကြည် မသေဆုံးခင်က သူရဲ့ တူဖြစ်တဲ့ ဦးခင်မောင်အေးကို အမွေပေးခဲ့တဲ့ ခြံအမှတ် (၅၄) ထဲမှာရှိတဲ့ အိမ်တလုံးနဲ့ မြေကိုပါ ထည့်သွင်းခွဲဝေဖို့ ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်တဲ့ ဦးအောင်ဆန်းဦးရဲ့ လျှောက်ထားချက်ကို စစ်ကောင်စီလက်ထက်မှာ အတည်ပြုပေးခဲ့တာပါ။

နှစ်ဧကနီးပါး ကျယ်ဝန်းတဲ့ ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄) ကို အမွေခွဲဝေဖို့ ဦးအောင်ဆန်းဦးက ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ နှစ်ထပ်အိမ်နဲ့ မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း ၊ တထပ်တိုက်နဲ့ မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေယူဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီအမိန့်အပေါ်မှာ ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံ၊ အထူးအယူခံ အဆင့်ဆင့်တက်ပြီး ပယ်ချခံခဲ့ရပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာ ပြန်လည်တင်ပြလာမှုအပေါ် စစ်ကောင်စီဘက်က ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဦးအောင်ဆန်းဦးက အနိုင်ရရှိကြောင်း ဒီကရီကို အတည်ပြုဖို့ ဇာရီမှုဖွင့်ခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်တွေအပြီးမှာ ခြံကိုလေလံတင်ဖို့ ကမာရွတ်ခရိုင်တရားရုံးက ကြမ်းခင်းဈေးသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီး ၁၅ နှစ်နီးပါးကာလကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ တက္ကသိုလ်ရိပ်သာလမ်းက အဲဒီခြံအမှတ် (၅၄) မှာ ကုန်ဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီအိမ်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုအတွက် အစိုးရက ပေးအပ်ခဲ့တဲ့ နေအိမ်ဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားအပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တွေလည်း လာရောက်ခဲ့ဖူးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခြံအမှတ် ၅၄ ကို ကြားကာလအမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ဆက်စပ်ဥပဒေတွေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

ပြည်သူတွေဆင်နွှဲတဲ့ ပန်းသပိတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ်၊ ၇၇ နှစ်နဲ့ ၇၈ နှစ် ပြည့် မွေးနေ့တွေကို တရားခွင်နဲ့ နေပြည်တော်အချုပ်ထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်စလုံး ဇွန်လ ၁၉ ရက်နေ့ရောက်တိုင်း ပြည်တွင်း၊ ပြည်ပက ပြည်သူတွေကတော့ သူ့အတွက် မွေးနေ့ပွဲတွေ ကျင်းပပေးတာ၊ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်ဆင်နွှဲတာတွေကို နေရာအနှံ့ မှာ ပြုလုပ်ခဲ့ကြပါတယ်။

အရင်နှစ်ကလည်း မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုလေးစား အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာထမ်းရွက်နေတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း “ဗေဒါပျံ အန်ကိုခဲ ပန်းပန်လျက်ပဲ” ခေါင်းစဉ်နဲ့ စစ်ကောင်စီရဲ့ အဖမ်းအဆီးတွေ ကြားမှာ ပန်းသပိတ်တွေ ဆင်နွှဲခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးကလည်း သူတို့ရွာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း တရွာလုံး ပန်းသပိတ်ကို ပါဝင်ဆင်နွှဲကြတယ်လို့ ပြောပါတယ်။

“အမေစုကို တမ်းတလို့ပါ။ အမေစုကို ရိုသေလေးစားလို့ ဂုဏ်ပြုထိုက်တဲ့သူမလို့ နှင်းဆီပန်းတွေ ပန်တယ်။ အိမ်မှာလည်း ညောင်ရေအိုးတွေကို သပြေပန်းတွေ ထိုးတာပါ။ အဲ့ဒီလိုပေါ့။ သူ့မွေးနေ့ဆိုရင် ဒီတနယ်လုံး ကျွန်မတို့ဆီကတော့ ရွာဓလေ့ကတော့ အကုန်လုံးပဲ” ဟု အဆိုပါ အမျိုးသမီးက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လူမသိ သူမသိထားပြီး နိုင်ငံရေးအရ အမှောင်ချထားဖို့ ကြိုးပမ်းနေတာဖြစ်ပေမယ့် အဲ့ဒီလုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ဂရုဏာနဲ့ သူ့ကို လွတ်စေချင်တဲ့ စေတနာက ပိုပြီးတိုးလာတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီသည် အကြောက်ဆုံး လူပုဂ္ဂိုလ်အရပြောလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ပြောရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကို ပြည်သူတွေက ကြားချင်တယ်။ ကြားနေရရင်အားရှိတယ်။ အဲ့ဒီအခြေအနေမျိုးမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းအမှောင်ချဖို့ လုပ်ထားတာဖြစ်ပါတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စာတည်း။ ။ နောင်နောင်