လောင်းလုံးမှာ တော်လှန်ရေး ၃ နှစ်မြောက် ဆန္ဒပြ

လောင်းလုံးမှာ ပြည်သူများ တော်လှန်ရေး ကာလ ၃ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြ

လောင်းလုံးမှာ ပြည်သူများ တော်လှန်ရေး ကာလ ၃ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့၌ ကျရောက်သော တော်လှန်ရေးကာလ သုံးနှစ်ပြည့် မြောက်အထိမ်းအမှတ်ဖြင့် လူအင်အား ရာနှင့်ချီပါဝင်သော စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးအတွက် ပြည်သူလူထုရဲ့ နိုင်ငံရေး အာဏာကို တည်ဆောက်ပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်း လှုံ့ဆော်တဲ့ အနေဖြင့် ” လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေး အတွက် ဆက်လျှောက်” စာသားပါ ဘန်နာကိုင်ဆွဲပြီး ခုနစ်မိုင်ခန့် ခရီးရှိသည့် ကျေးရွာ ရှစ်ရွာကို ဖြတ်လျှောက် ချီတက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြ လူထုလမ်းလျှောက် ချီတက်လှုပ်ရှားမှုတွင် ကျေးရွာ တရွာရှိ အခြေခံပညာအထက်တန်းကျောင်း တကျောင်းရှေ့တွင် တော်လှန်ရေး ခွပ်ဒေါင်းအလံတော်ကို လွှင့်ထူပြီး အလေးပြုခြင်းအပါအဝင် မြင့်မြတ်စွာ အသက်ပေးသွားကြသည့် ဒီမိုကရေစီသူရဲကောင်းများအား ဦးညွှတ်ဂါဝရပြုခြင်း၊ တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်း စသည့်အစီအစဥ်များကို ပြုလုပ်ခဲ့ကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)