မုံရွာမြို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၂ဦးသေဆုံး

စစ်ကောင်စီတပ်ကို တိုက်ခိုက်စဥ်/ရုပ်သံ – Golden Eagle Force – Monywa

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကားကြီးကွင်းအနီး နတ်လူထိပ္ပန်ရပ်ကွက်ရုံးတွင် အထိုင်ချတပ်စွဲထားသည့်တပ်ကို လျှပ်တပြက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa က ဖေဖော်ဝါရီလ ၁ရက် ယနေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ် ၊ ရဲနှင့်ပျူစောထီး အင်အား ၁၅ဦးခန့်ဖြင့်တပ်စွဲထားသောရုံးကို ဇန်နဝါရီလ ၃၁ရက် ညနေ ၅နာရီဝန်းကျင်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပစ်တဲ့နေရာတွင် တကောင်ပွဲချင်းပြီးသေသွားပြီး ညပိုင်းမှ နောက် တကောင် ထပ်သေသွားတယ်လို့ ပြန်သိရတယ်” ဟု Golden Eagle Force ခေါင်းဆောင် ဗိုလ်လင်းယုန် က မဇ္စျိမကိုပြောသည်။

အငိုက်မိသွားသောစစ်ကောင်စီတပ်သည် နေရာတွင် တဦးသေဆုံးပြီး ဆေးကုသခံနေရသူတဦး ည ၁၁နာရီအချိန်တွင် ထပ်မံသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု ဆိုသည်။

တိုက်ခိုက်မှုအပြီး ထိခိုက်သေဆုံးသူများကို နာရေးကားဖြင့် လာရောက်သယ်ယူခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့သည် အိမ်စီးကားနှစ်စီးဖြင့် အနီးပတ်ဝန်းကျင်ကို ကင်းပတ်ခဲ့ကြောင်း ဗိုလ်လင်းယုန် က ဆက်ပြောသည်။

ကာကွယ်ရေးရဲဘော်များမှ ရုတ်တရက် ဝင်ရောက်ပစ်ခတ်မှုကြောင့် ထိတ်လန့်သွားရသည့် ပြည်သူများကို နားလည်ပေးကြပါရန် ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထား သည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force – Monywa ၊ Ka Naung Min Tar Gyi (Monywa) ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ နှင့် မုံရွာဘီလူး မြို့ပြပြောက်ကျားတပ်ဖွဲ့ တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂ရက်နေ့ကလည်း မုံရွာမြို့ စက်မှုဇုံအတွင်း ကင်းပတ်ပြန်လာသည့် တပ်ဖွဲ့ကို ဆားကျင်းသုသာန်လမ်းပေါ်အရောက်တွင် Golden Eagle Force – Monywaနှင့် မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်းသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)