ချင်းမိုင်တွင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် တော်လှန်အခမ်းအနား ပြုလုပ်

ဓာတ်ပုံ-မဇ္ဈိမ

ရွှေနွယ်

မဇ္ဈိမ။ ။ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တော်လှန်အခမ်းအနားတခုကို ထိုင်း−မြန်မာတက်ကြွလှုပ်ရှားသူများဖွဲ့စည်းထားသော အာဏာရှင်စနစ်ဆန့်ကျင်သူမိတ်ဆွေများ( Friends Against Dictatorship – FAD)မှ ဦးဆောင်ပြုလုပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားကို ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်လေ့ရှိသော ချင်းမိုင်မြို့ သဖီဂိတ် အနီးတွင် ညနေ ၅ နာရီမှ ည ၇ နာရီအထိ နှစ်နာရီကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ထိုင်းနိုင်ငံသား တက်ကြွလှုပ်ရှားသူများနှင့် မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှား သူများက ကဗျာရွတ်ဖတ်ခြင်း၊ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ပြည်သူများမှ သံပုံးတီးဆန့်ကျင် မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများထိခိုက်သေဆုံးရမှုတို့ကို သရုပ်ဖော်ပြသခြင်း၊ လာ ရောက်ကြသူများက ရင်တွင်းစကားသံများပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲခရီးကြမ်းအတွင်း အသက်ပေးဆပ်ခဲ့ရသူတို့ကို ဂုဏ်ပြုသော အားဖြင့် ဖယောင်းတိုင်မီးဖြင့် တမိနစ်ငြိမ်သက်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

ထို့နောက် “အရေးတော်ပုံ အောင်ရမည်” ကြွေးကြော်သံကို မြန်မာဘာသာ၊ ထိုင်းဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် သံပြိုင်ရွတ်ဆို၍ အဆုံးသတ်ခဲ့ကြသည်။

အာဏာရှင်စနစ်ဆန့်ကျင်သူမိတ်ဆွေများ(Friends Against Dictatorship–FAD)ကို ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့မှ တက်ကြွလှုပ်ရှားသူများ၊ ပညာဆည်းပူးနေသူများ၊ ဂျာနယ်လစ်၊ ရှေ့နေ၊ ဘာသာပြန် စသည့် မတူညီသော အသိုင်းအဝိုင်းပေါင်းစုံမှ အာဏာရှင်စနစ်ကိုဆန့်ကျင်နေသူများပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ် သည်။

စာတည်း။ ။စောဖေ