နေရပ်ပြန်နေရန် စစ်ကောင်စီက စည်းရုံးသော်လည်း ဒေသခံအများစု ပြန်လည်နေထိုင်ကြခြင်း မရှိ

စစ်ကောင်စီခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး ကော့ကရိတ်မြို့ခံများကို ဒေါနခန်းမတွင် တွေ့ဆုံစည်းရုံးစဉ်

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ စစ်ဘေးရှောင်ဒေသခံပြည်သူများကို နေရပ်တွင် ပြန်လည်နေထိုင်ရန် စစ်ကောင်စီက စည်းရုံးမှုများ ရှိနေသော်လည်း ဒေသခံအများစု ပြန်လည်နေထိုင်ကြခြင်း မရှိသေးကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍လည်းကောင်း၊ ဂျိုင်းမြစ်အနီးရှိ ကော့ဘိန်းရွာတွင် မတ်လ ၂၃ ရက်နေ့မှစ၍လည်းကောင်း တိုက်ပွဲများ ပြင်းထန်လာခဲ့ရာမှ စစ်ကောင်စီ​က လေကြောင်း၊ လက်နက်ကြီးနှင့် ရေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်လာသဖြင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာ ဒေသများတွင် အချိန်ကာလရှည်ကြာစွာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်။

ဧပြီလနောက်ဆုံးအပတ်မှစ၍ တိုက်ပွဲဖြစ်ပွားမှု မရှိတောသည့် အဆိုပါ ဒေသများကို စစ်ကောင်စီက ပြန်လည်အထိုင်ချ လုံခြုံရေးယူပြီးနောက် ဒေသခံပြည်သူများကို နေရပ်တွင် ပြန်လည်နေထိုင်ရန် စည်းရုံးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် စစ်ကောင်စီခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ်စောမြင့်ဦးကိုယ်တိုင် ကော့ကရိတ်မြို့သို့ လာရောက်၍ အိမ်စောင့်ကျန်နေသည့် ပြည်သူများကို တွေ့ဆုံကာ မြို့နယ်အတွင်းတွင် ပြန်လည်နေထိုင်ရန် စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။

” ငွေနှစ်သိန်းဆီ ပေးမယ်ဆိုပြီး ဒေါနခန်းမ ခေါ်တယ်၊ ဝန်ကြီးချုပ်စကားပြောပြီး ပြန်တာပေါ့၊ ကူငွေလည်း မရလိုက်ကြဘူး။ ၂၇၊ ၂၈ ရက်နေ့က။ အိမ်ပြန်နေဖို့ ဖိအားပေးပေမယ့်လည်း လူတွေကတော့ စဥ်းစားကြတယ်။ တနေရာနဲ့တနေရာပြန်ရွေ့ဖို့က အိမ်မရှိရင် ခက်တယ်လေ၊ ပြန်ဝင် စာရင်းကတော့ ၂၀၀ ကျော်လောက်ပေးသွားကြတယ်၊ အကူအထောက်လေး ရနိုးနဲ့ပေါ့၊ အမိုးအကာပေးမယ်ဘာမယ်နဲ့ မဖြစ်လာပါဘူး၊ လူထုက ပြန်ရုန်းရမယ်” ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ်နေ ပြည်သူ​၏ သုံးပုံတပုံဝန်းကျင်သာ ပြန်လည်နေထိုင်ကြသေးပြီး မြို့နယ်အတွင်းသို့ ပြန်လည်နေထိုင်သည့် အဝင်စာရင်း ပေးထားကာ အိမ်ကို ကြည့်ရှု၍ စစ်ဘေးရှောင်နေရာသို့ ပြန်သွားကြသူများလည်း ရှိကြောင်း သိရသည်။

အလားတူ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာ၊ ကျိုက်မရောမြို့နယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့သတ်၊ ကော့ပလိုင် အပါအဝင် ဂျိုင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်သားများက နေရပ်တွင် ပြန်လည်နေထိုင်ရန် စည်းရုံးမှုများ ရှိနေသော်လည်း ဒေသခံများ ပြန်လည်နေထိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။

” (ဓမ္မသ) ရွာထဲမှာ သူတို့ (စစ်ကောင်စီ) ရှိနေတာလေ၊ ဘယ်လိုလုပ် နေရဲကြမှာလဲ။ ဒေသခံတွေက ဘယ်သူမှ မနေဘူး၊ ပြီးတော့ ဒေသခံတွေက အိမ်တွေမှ မရှိတာ ပြန်မနေဘူး။ ရွာထဲမှာ လူကို မရှိဘူး၊ တခြားရွာတွေဆို ကော့သတ်တို့ ကော့ပေါက်တို့ဆိုရင် အိမ်စောင့်တွေတော့ ရှိတယ်၊ ဒါပေမယ့် အကုန်ပြန်မနေကြဘူး” ဟု ဓမ္မသရွာမှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

နေရပ်သို့ ပြန်၍ မိမိတို့​၏ နေအိမ်များကို ပြန်လည်ကြည့်ရှုခဲ့သူများ​၏ ပြောကြားချက်အရ ကော့ကရိတ်မြို့ပေါ်နှင့် ကျိုက်မရောမြို့နယ်၊ ဓမ္မသ၊ တရနာအပါအဝင် ကျေးရွာများရှိ ဒေသခံ အိမ်များသည် ဖောက်ထွင်းခံထားရပြီး ပစ္စည်းများ ပျောက်ဆုံးမှုများ ရှိနေကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)