အာဏာသိမ်း ၃ နှစ်ပြည့်ပထမပတ်အား ” နီတဲ့သွေး ရက်သတ္တပတ်”အဖြစ်ဖော်ဆောင်တော်လှန်ရန် တိုက်တွန်း

ရန်ကုန်မြို့ နေရာအချို့မှ တော်လှန်ရေး ၃ နှစ်ပြည့်လှုပ်ရှားမှု

မဇ္ဈိမ။ ။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်ကာလ သုံးနှစ်ပြည့်‌ ယခု၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစသော ပထမရက်သတ္တပတ်အား “နီတဲ့သွေးရက်သတ္တပတ်” အဖြစ် တိုက်ပွဲများဖော်ဆောင်ကြရန် မြို့ပြတော်လှန်ရေးအင်အားစုများက ယနေ့ တိုက်တွန်းလိုက်သည်။

ယနေ့သည် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်သည့် နေ့ဖြစ်သကဲ့သို့ ပြည်သူတရပ်လုံး အသက်သွေးချွေးများစွာကိုစတေး၍ လျှောက်လှမ်းခဲ့သည့် အာဏာရှင်တော်လှန်ရေးခရီးလမ်းသည်လည်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း တိုက်တွန်းချက်တွင် ပါရှိသည်။

ယခု ဖေဖော်ဝါရီလပထမရက်သတ္တပတ်အတွင်း “နီတဲ့သွေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မမေ့ကြနဲ့၊ ပေးဆပ်သူတို့ရဲ့ သွေးခင်းသောလမ်းမှာ ဆက်လက်လျှောက်လှမ်းကြ၊ စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်”စသည့် ကြွေးကြော်မှုများဖြင့် တိုက်ပွဲများဖော်ဆောင်ကြရန် မြို့ပြတော်လှန်ရေးအင်အားစုများကနှိုးဆော်ထားသည်။

ပေးဆပ်ခဲ့သူအပေါင်း၏ သွေးခင်းလမ်းမများတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်သည် အထိ တော်လှန်ရေးခရီးလမ်းကို ကြံ့ကြံ့ခံလျှောက်လှမ်းသွားကြရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် အနီရောင်ကိုယ်စားပြုလှုပ်ရှားမှုများကို ယခု ရက်သတ္တပတ်အတွင်း ပြုလုပ်ကြရန် လည်း နှိုးဆော်ချက်တွင် ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနိုင်ငံတော်အာဏာ သိမ်းယူခဲ့သည့်အ‌ပေါ် ပြည်သူတရပ်လုံးကခုခံတော်လှန်ခြင်းသုံးနှစ်ပြည့်လှုပ်ရှားမှုအဖြစ် ယနေ့တွင် အပြင်မထွက်အသံတိတ်သပိတ်(Silent Strike)ကို ရန်ကုန်နှင့်မန္တလေးမြို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့မှ မြို့အများအပြား၌ ပြုလုပ်ခဲ့ကြသည်။

စာတည်း – အေးချမ်း