မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် အမေရိကန်လွှတ်တော် အမတ်များ တိုက်တွန်း

ပုံဟောင်း/Photo:AFP

Reuters

အရှေ့တောင်အာရှ နိုင်ငံ တခုဖြစ်သော မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ် က စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကြုံတွေ့နေရသော အကျပ်အတည်းများကို ဖြေရှင်းရာတွင် အမေရိကန် အုပ်ချုပ်ရေးအဖွဲ့ကို ဖိအားပေးရန် နိုင်ငံရေးပါတီ နှစ်ရပ် လုံးမှ အောက်လွှတ်တော်အမတ်များ ပါဝင်သည့် ကော်မတီ တရပ်ကို ဖေဖော်ဝါရီ ၁ တွင် ပထမဆုံးအကြိမ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ်ရှီဂန်ပြည်နယ် ရီပတ်ဘလီကန် အမတ် ဘီလ် ဟိုင်ဇန်ဂါ နှင့် မင်နီဆိုတား ပြည်နယ် ဒီမိုကရက် အမတ် ဘက်တီ မက်ကော်လန် တို့သည် အဆိုပါ Congressional Burma Caucus တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကြမည် ဖြစ်ပြီး မြန်မာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲအတွက် ကွန်ဂရက်လွှတ်တော် အနေဖြင့် ထောက်ခံအားပေးရန် ရည်ရွယ်ထားကြောင်း လွှတ်တော်အမတ် နှစ်ဦး ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်သည် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချ၍ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည်မှာ ဖေဖော်ဝါရီ ၁ တွင် သုံးနှစ်ပြည့်ပြီ ဖြစ်သည်။ စစ်အာဏာသိမ်းအစိုးရသည် လူငယ်များ ဦးဆောင်သော ဒီမိုကရေစီ အရေးတော်ပုံကြီး ကို အသက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်အထိ ဖြိုခွဲပြီးနောက် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေဟာ လွှတ်တော် ခေါင်းဆောင်တွေဆီက အရေးတကြီး အကူအညီပေးမှုတွေ လိုအပ်တဲ့ အဆင့်အထိ ရောက်ရှိလာပါပြီ” ဟု လွှတ်တော်အမတ်များ က ထုတ်ပြန်ခဲ့သည် ကို Reuters မှ ဖေဖော်ဝါရီ ၁ တွင် ဖော်ပြထားသည်။

ကော်မတီတွင် ကနဦးအဖွဲ့ဝင်များအဖြစ် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦး ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း New Myanmar Campaign မှ ခရစ်စတီးနား ကူကီ က ပြောသည်။ New Myanmar Campaign သည် အရေးကြီးသော ဆွေးနွေးမှုများဖြစ်သည့် တရုတ် နှင့် အမေရိကန် ပြိုင်ဆိုင်မှု၊ ယူကရိန်း၊ ဂါဇာကမ်းမြောင်ဒေသ နှင့် မြန်မာပဋိပက္ခ ကို စဉ်ဆက်မပြတ် အထူးအလေးထား ညှိနှိုင်းဆွေးနွေးသော အဖွဲ့ဖြစ်သည်။

“ကွန်ဂရက်လွှတ်တော်နဲ့ လွှတ်တော်ဝန်ထမ်းတွေ များများကို ကျွန်မတို့ ဆွေးနွေး အကူအညီ တောင်းနိုင်လေ– မြန်မာနိုင်ငံအတွက် ဆူးတချောင်းကို တွန်းထုတ်နိုင်လေလေ” ဟု ကူကီ က ဆိုသည်။

မနှစ်က ကွန်ဂရက်လွှတ်တော်သည် မြန်မာနိုင်ငံ အတွက် စစ်လက်နက်မဟုတ်သော အကူအညီ အထောက်အပံ့များ ပေးရန် အမေရိကန်အစိုးရကို ခွင့်ပြုပေးသည့် ဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြန်မာအင်အားစုများကို ဘိုင်ဒင် အစိုးရက အကူအညီများ ပိုမို ပံ့ပိုးပေးရန် နှင့် အာဏာသိမ်းမှုပြီးနောက် အမေရိကန် အစိုးရမှ သိမ်းဆည်းထားသော မြန်မာပိုင် ဒေါ်လာ တဘီလီယံ ကို မည်ကဲ့သည့် လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ရန် အကြံပေးအဖွဲ့ တဖွဲ့ ဖွဲ့စည်းရန် လွှတ်တော်အမတ်များက လိုလားကြသည်။

စစ်အစိုးရသည် လက်နက်များထုတ်လုပ်ရန်နှင့် အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအတွက် လိုအပ်သော လေယာဉ်ဆီများ တင်ပို့ရောင်းဝယ်မှု နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။