ဥရောပက တရုတ်နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်နေ

ဥရောပခေါင်းဆောင်များနှင့် တရုတ်သမ္မတရှီကျင့်ဖျင်အား သတင်းစာရှင်းလင်းပွဲတခုတွင်တွေ့ရစဉ်။

The Singapore Post

တရုတ်က နိုင်ငံတကာနိုင်ငံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို လွှမ်းမိုးရန် ကြိုးပမ်းသည့် မူဝါဒ များနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နေခြင်းကြောင့် ဥရောပတွင် မိတ်ဆွေများနှင့် မဟာမိတ်များ ဆုံးရှုံးနေသည်။

တရုတ်က စူပါပါဝါနိုင်ငံဖြစ်လာရန် အလားအလာရှိသော်လည်း ကိုဗစ်လွန်ခေတ်ကာလတွင် တရုတ်နှင့် ဆက်ဆံ ရေးကို နိုင်ငံအများအပြားက ပြန်လည်သုံးသပ်နေကြသည်။

တရုတ်၏ အဆင်မပြေလှသည့် ပိုးလမ်းမရပ်ဝန်းစီမံကိန်း (BRI)၊ တရားမျှတမှုမရှိသော ကုန်သွယ်မှုအလေ့ အကျင့်များ၊ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် လျှပ်စစ်ကားအများအပြားတင်ပို့နေခြင်း စသည့်စိုးရိမ်မှုများကြောင့် တရုတ်နှင့် ဆက်ဆံရေးနှင့် စပ်လျဉ်း၍ မူဝါဒများကို ပြုပြင်ပြောင်းလဲရန် ဥရောပက သုံးသပ်လာရသည်။

၂၀၂၃ ခုနှစ်တွင် အီတလီက တရုတ်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အဆုံးသတ်ခဲ့သည်။ “တရုတ်က အဓိက ပြိုင်ဘက်နိုင်ငံတွေထဲက တနိုင်ငံပါ။ဆက်ဆံရေးကောင်းမွန်ချင်ပေမယ့် စည်းမျဉ်းတွေက လူတိုင်းအတွက် အတူတူပဲဖြစ်ရပါမယ်” ဟု အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျနီက ပြောကြားခဲ့သည်။

“ဒါကြောင့် လူမှုပတ်ဝန်းကျင်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တာမျိုး၊ တရားမျှတမှုမရှိတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရေရှည်ရင်းနှီးမြုပ်နှံမှုအစား နည်းပညာ ခိုးယူမှုတွေကို လုံးဝလက်မခံနိုင်ပါဘူး။” ဟု အီတလီ နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။

မကြာမီသေးမက အီတလီက BRI မှ တရားဝင်နုတ်ထွက်ခဲ့ခြင်းက အီတလီက တရုတ်နှင့် ဆက်ဆံရေးကို ချိန်ညှိ ကာ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် ဆက်ဆံရေးကောင်းမွန်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှုမြင်ကြသည်။

အထူးသဖြင့် လျှပ်စစ်ကားများအတွက် တရုတ်အစိုးရက ပံ့ပိုးကူညီမှုကြောင့် တရုတ်က ချမှတ်ထားသော တရားမျှ တမှုမရှိသော ကုန်သွယ်မှုအလေ့အထများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂက စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဥရောပနိုင်ငံအများအပြားသည် တရုတ်နှင့် ဆက်ဆံရေးအေးလာနေသည်ဟု နိုင်ငံခြားရေးရာ ကျွမ်းကျင်သူ အီမန်နျူရယ် စီမာက ပြောကြားသည်။ “ဥရောပရေးရာတွေမှာ တရုတ်ရဲ့ ဩဇာ ဆုံးရှုံးလာပုံရပါတယ်” ဟု ၎င်းက ဆိုသည်။

စီးပွားရေးအရ အကျပ်ကိုင်မှုနှင့် ယူကရိန်းပဋိပက္ခတွင် တရုတ်၏ ရပ်တည်ချက်ကြောင့် အလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံအများအပြားက တရုတ်အပေါ် မကျေမနပ်မဖြစ်ကာ ယုံကြည်မှုများ ကျဆင်းသွားခဲ့သည်။

“ဒီဒေသက နိုင်ငံအများစုက ကွန်မြူနစ်စနစ်ကို အလွန်မုန်းတီးကြပြီး တရုတ်နိုင်ငံရေးစနစ်နဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ ခံစားချက်တွေ ရှိနေပါတယ်။ ဒီဒေသက နိုင်ငံတွေက တရုတ်နဲ့ တဖြည်းဖြည်းဝေးကွားသွားပါလိမ့်မယ် ။” ဟု ပိုလန်အရှေ့ပိုင်းလေ့လာရေးစင်တာမှ အကြီးတန်းသုတေသီ ဂျက်ကော့ ဂျိုကိုဘိုစကီးက ပြောကြားခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် တရုတ်နှင့် ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဗြိတိန်လေ့လာသူများနှင့် နိုင်ငံရေးသမားများကြား တွင် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ တရုတ်က ကျန်းမာရေးစည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် တကမ္ဘာ လုံးက ကိုဗစ်ကပ်ရောဂါကို ဆိုးရွားစွာခံစားရခြင်းနှင့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးက ပံ့ပိုးပေးထား သည့် ဟာ့ဒ်ဝဲများကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများက သိသာထင်ရှားသည့် ဥပမာများဖြစ်သည်။

“တရုတ်စီးပွားရေးနဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်မယ့်အစား လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တာဝန်ခံမှုကို တန်ဖိုး ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့သစ်ကို ထူထောင်ရာမှာ ဦးဆောင်သင့်ပါတယ်” ဟု လန်ဒန်အခြေစိုက် နိုင်ငံရေးအတိုင်ပင်ခံ တွမ်ပရာဟန်က ပြောကြားခဲ့သည်။

ယခုအခါ ဗြိတိန်အမတ်များက တရုတ်နှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစားရန် အစိုးရအား ဖိအားပေးလာကြ သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ဗြိတိန်အား ခြိမ်းခြောက်နေကြောင်းကို အသိအမှတ်ပြုရန် အချိန်တန်ပြီဟု ၎င်းတို့က ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဆူနတ်က ဗြိတိန်ပါလီမန်ဒီမိုကရေစီစနစ်တွင် တရုတ်၏ဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်၍ “အလွန် စိုးရိမ်ပူပန်မှုကြောင်း” ဖော်ပြခဲ့ပြီး လွန်ခဲ့သည့်လအနည်းငယ်က တရုတ်ဝန်ကြီးချုပ် လီချင် နှင့်တွေ့ဆုံ စဉ်က “လုံးဝ လက်မခံနိုင်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီ၏ တရုတ်မူဝါဒသစ်တွင်လည်း တရုတ်အား စီးပွားရေးဆိုင်ရာ အဓိကမိတ်ဖက်နိုင်ငံအဖြစ် ထည့်သွင်း စဉ်းစားခြင်းကို ရပ်တန့်လိုက်သည်။

” စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအချို့ကို လက်မခံနိုင်ကြောင်းနဲ့ စည်းမျဉ်းအသစ် တွေမှာ ဂျာမနီအစိုးရက တရုတ်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။” ဟု နိုင်ငံတကာနှင့် လုံခြုံရေးရေးရာ ဂျာမန်အင်စတီကျုမှ အရာရှိ ယန်ဘတ်စတန်က ပြောကြားခဲ့သည်။

နောက်ဆုံးမူဝါဒတွင် ဂျာမနီ၏ တရုတ်နှင့် ပတ်သက်ပြီး ထင်ယောင်ထင်မှားမှုကို အဆုံးသတ်ခဲ့သည် ဟု နိုင်ငံခြားရေးရာဥရောပကောင်စီ (ECFR) မှ အာရှအစီအစဉ် ဒါရိုက်တာ ဘန်ကာကွာတယ်က ပြောကြားခဲ့သည်။

ဂျာမနီ၏ ချဉ်းကပ်မှုအသစ်သည် တရုတ်နှင့် ကုန်သွယ်ရေးနှင့် သံတမန်ဆက်ဆံရေးနှင့် ဆက်စပ်နေသည့် အခြား ဥရောပနိုင်ငံများ၏ အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီပေးနိုင်သည်။
“ဂျာမနီရဲ့ မဟာဗျူဟာက ဥရောပနိုင်ငံတွေအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဆို တာကို ဖော်ပြနေပါတယ်” ဟု ECFR မှ မူဝါဒရေးရာသုတေသီ ဘာချူစကာက ပြောကြားခဲ့သည်။

“မဟာဗျူဟာ ထုတ်ပြန်ချက်က ဂျာမနီရဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ ဦးတည်ချက်တစ်ခုလုံးကို ပြောင်းလဲသွားတာကို ဖော်ပြနေပြီး ဥရောပသမဂ္ဂရဲ့ ချဉ်းကပ်မှုအပေါ် များစွာသက်ရောက်မှုရှိစေမှာပါ။” ဟု ၎င်းက ဆိုသည်။

တရုတ်၏ အကျပ်ကိုင်သော ကုန်သွယ်မှုနည်းဗျူဟာများနှင့် ဆက်သွယ်ရေးကိရိယာများမှတဆင့် စောင့်ကြည့်မှု များ ပြုလုပ်နေကြောင်း သတင်းများနှင့် ပတ်သက်ပြီး အစောပိုင်းတွင် ဥရောပနိုင်ငံအများအပြားက ဒေါသထွက် ခဲ့ကြသည်။ ယခုအခါ စျေးပေါသော တရုတ်လျှပ်စစ်ကားများကြောင့် ပြည်တွင်း မော်တော်ယာဥ် လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် တရားမျှတမှုမရှိသည့် ကုန်သွယ်မှုဆိုင်ရာ ကျင့်ထုံးများကို စုံစမ်းစစ်ဆေးရန် ဥရောပသမဂ္ဂက အမိန့် ထုတ်ပြန်ခဲ့သည်။ ယင်းကြောင့် ဥရောပသို့ တရုတ် မော်တော်ကား တင်သွင်းမှု ကျဆင်းသွားခဲ့သည်။ လက်တုံ့ပြန် ရန် မည်သို့သော ဆုံးဖြတ်ချက်ချသည်ဖြစ်စေ တရုတ်နှင့် ဥရောပနိုင်ငံများ၏ ဆက်ဆံရေးသည် ကောင်းမွန်ရန် ခက်ခဲလှမည်ဖြစ်သည်။