လွိုင်​ကော်အကျဥ်း​ထောင်မှ လွတ်ရက်​စေ့ နိုင်ကျဥ်း ၆ ဦး အပါ အကျဥ်းသား ၂၀ မလွတ်​မြောက်​သေး

ပုံအညွှန်း-လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဥ်းသားများအား ၎င်းတို့၏ မိသားစုဝင်များက ကြိုဆိုစောင့်ဆိုင်နေစဥ် (ဓာတ်ပုံ- ပုံဟောင်း)

ပုံအညွှန်း-လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဥ်းသားများအား ၎င်းတို့၏ မိသားစုဝင်များက ကြိုဆိုစောင့်ဆိုင်နေစဥ် (ဓာတ်ပုံ- ပုံဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်​ကော်အကျဥ်း​ထောင်မှ နိုင်ကျဥ်း ​ခြောက်ဦး အပါအဝင် အကျဥ်းသား ၂၀ ဦးမှာ လွတ်ရက်​စေ့​သော်လည်း မလွတ်​မြောက်​​သေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ​ရေးအကျဥ်းသားများကွန်ရက်(PPNM)ထံသိရသည်။

နိုင်ငံရေးအကျဥ်းသားများမှာ စစ်​ကောင်စီ ချမှတ်ထားသော ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အကျဥ်းကျခံထားရပြီး ၎င်းတို့၏လွတ်ရက်​စေ့ကာလ ဖြစ်သော်လည်း အကျဥ်း​ဦးစီးဌာနက လက်ရှိလွိုင်​ကော်မြို့ အ​ခြေအ​နေများ​ကြောင့်ဟုဆိုကာ လုံခြုံ​ရေးအ​ကြောင်းပြချက်ဖြင့် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်​ကြောင်း PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက မဇ္စျိမကို​ပြောသည်။

“ဒီ ခြောက်ဦးက ဇန်နဝါရီလထဲမှာပဲ လွတ်ရက်စေ့မယ့် နိုင်ငံရေးအကျဥ်းသားစာရင်းတွေပါ။ သူတို့လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် ရာဇဝတ်သားမဟုတ်တော့တဲ့အတွက် ပုံမှန်ပြင်ပမှာသွားလာလှုပ်ရှားခွင့် အခွင့်အရေးတွေရရှိသင့်နေပြီ။ လွတ်ရက်စေ့တဲ့အကျဥ်းသားတွေကို မိသားစုတွေလက်ထဲ အန္တရယ်ကင်းစွာ အပ်ပေးဖို့ ကျွန်တော်တို့ပြောကြားလိုပါတယ် “ဟု ၎င်းက​ပြောသည်။

အဆိုပါ ​ခြောက်ဦးမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ၎င်းတို့၏ လုံခြုံ​ရေးအတွက် သတင်းအချက်အလက်အ​သေးစိတ်ကို​ ပြော၍ မရသော်လည်း မြေပြင်သတင်းအရင်းအမြစ်ထံမှ အချက်အလက်များအား ၁၀ ရက်တာ အချိန်ယူစုံစမ်းထားခြင်းဖြစ်​ကြောင်း ကိုသိုက််ထွန်းဦးကဆိုသည်။

ထို့အပြင်လွိုင်​ကော်အကျဥ်းထောင်၌အဆိုပါ နိုင်ကျဥ်းများ အပါအဝင် ပြီးခဲ့သည့်လ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သော တခြားရာဇဝတ်မှုအကျဉ်းသား၁၄ ဦးလည်း ယနေ့အထိ သက်ဆိုင်ရာမိသားစုထံသို့  ပြန်လည်မရောက်ရှိသေး​ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ​ရေးအကျဥ်းသားများကွန်ယက်(PPNM)က ယ​နေ့ ​ဖေ​ဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာအာဏာပိုင်များမှ အကြောင်းအမျိုးမျိုးပြ၍ ဆက်လက်ထိန်းသိမ်းထားခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်နေ​သော​ကြောင့်
အကျဉ်းဦးစီးဌာနအနေဖြင့် ချက်ချင်းပြန်လွတ်​ပေးရန်ထုတ်ပြန်ချက်၌​​​​​ ဖော်ပြထားသည်။

အဆိုပါ​ဒေသတွင် စစ်ရေးတင်းမာနေသည့် အခြေအနေ၌ လွတ်မြောက်အကျဉ်းသားများ နေရပ်ပြန်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်​ခြေနီအဖွဲ့(ICRC)နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UN OCHA) တို့မှ ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးကြပါရန်လည်း တဆက်တည်း​တောင်းဆိုထားသည်။

စစ်အာဏာသိမ်းပြီး​နောက် ကရင်နီပြည်နယ်တွင်စစ်​ကောင်စီက ဖမ်းဆီးခံထားရသူ ၁၅၂ ဦးရှိပြီး သေဒဏ်ကျခံထားရသူ သုံးဦး၊ထောင်ဒဏ်တသက် ကျခံထားရသူ ခုနစ်ဦးရှိ​ကြောင်း ကရင်နီပြည်သူ့အင်အားစု (PKPF) စာရင်းတွင်​ ဖော်ပြထားသည်။

လက်ရှိ ကရင်နီပြည်နယ်ရှိ မြို့နယ်နေရာအများစုအား တော်လှန်​ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးထား၍ လွိုင်ကော်မြို့တွင်လည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အားဝိုင်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆင်နွှဲလျက်ရှိပြီး မြို့၏ဧရိယာ သုံးပုံနှစ်ပုံကျော်အား စိုးမိုးထားနိုင်​ကြောင်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ပြီးခဲ့သည်ရက်သတ္တပတ်ကထုတ်ပြန်​ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး