PDFများ ဝင်တိုက်မည့် သတင်းကြောင့် ရေဦးမြို့ ဝင်ထွက်ပေါက်များအားလုံး စစ်ကောင်စီပိတ်ဆို့

PDFများ ဝင်တိုက်မည့် သတင်းကြောင့် ရေဦးမြို့ ဝင်ထွက်ပေါက်များအားလုံး စစ်ကောင်စီပိတ်ဆို့

ကိုခင်မောင် (မဇ္ဈိမ) ။ ။ရေဦးမြို့ထဲမှ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မြို့အဝင်အထွက်ပေါက် အားလုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ဒေသခံများကိုလည်း အဝင်အထွက် ခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ထဲသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီစခန်းများကို တိုက်ခိုက်မည်ဟူသော သတင်းသည် ယနေ့ နိုဝင်ဘာလ ၃ရက် နေ့လယ်မှစတင် ပျံ့နှံ့ခဲ့သည်။ ထို့နောက် စစ်ကောင်စီက ရေဦး-ခင်ဦးလမ်း၊ ရေဦး-ဒီပဲယင်းလမ်း၊ရေဦး – သံသည်လမ်း၊ ရေဦး – တန့်ဆည်လမ်းတို့ကို ယနေ့ ညနေ ၄နာရီမှစ၍ စစ်ကားများအသုံးပြုပြီး ပိတ်ဆို့လိုက်သည်ဟု သိရသည်။

” မြို့ရဲ့အဝင်အထွက်အကုန်လုံးကို စစ်ကားကြီးတွေနဲ့ ပိတ်ပစ်ပြီးတော့ သွားခွင့်မရှိဆိုပြီးတော့ လုပ်လိုက်တာပေါ့။ သူတို့(စစ်ကောင်စီတပ်) အတိုက်ခံရရင် အကုန်လုံးပါမယ်ဆိုတဲ့ သဘောနဲ့ ပိတ်ပစ်လိုက်တာ”ဟု ဒေသခံတဦးကပြောသည်။

ရေဦးမြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ပါဝင်သည်။ မူလက ညနေ ၆နာရီမှနောက်နေ့ နံနက်၆နာရီအထိ သွားလာခွင့် ပိတ်ပင်သည့် မာရှယ်လော ထုတ်ထားခဲ့ပြီး ယနေ့မှစ၍ ညနေ ၄နာရီမှ နောက်တစ်နေ့ နံနက်၆နာရီအထိ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ဒေသခံများ ကြောက်လန့်အောင် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်နေသည်ဟု ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

” စစ်ကိုင်းတိုင်းထဲက မြို့တချို့ ဒီနေ့အတိုက်ခံရတော့ ကြောက်လန့်ပြီး ပြာယာခပ်နေတာ။ မြို့ခံတွေ ကြောက်လန့်နေအောင် လုပ်ထားတာ” ဟု ၎င်းက ပြောသည်။

ယနေ့တွင် စစ်ကိုင်းတိုင်းအတွင်းကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုလ်ရဲဘက်စခန်း၊ မြောက်စီးရဲစခန်း ၊ ရန်ကြီးအောင်စခန်း ၊ကလေးမြို့နှင့်ချင်းပြည်နယ်စပ်မှ သိုင်းငင်းစခန်း၊ တမူးမြို့နယ် အတွင်းရှိ ဝိတုတ်နှင့် ခမ်းပတ်ရဲစခန်း၊ ကောင်းလင်းမြို့ ရဲစခန်းနှင့်ထွေအုပ်ရုံး၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ကို သိမ်းပိုက်ခဲ့သည်။

စာတည်း – အေးချမ်း