စစ်ကောင်စီရဟတ်ယာဉ်ကို ဖျက်စီးနိုင်ခဲ့သည့်ဓာတ်ပုံများ ‌မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

မြောက်ပိုင်းညီနောင်သုံးဖွဲ့ကထုတ်ပြန်ထားသော Mi-17 ရဟတ်ရဟတ်ယာဉ်အပျက်အစီးပုံများ

002

(မဇ္ဈိမ)။ ။စစ်ကောင်စီ၏ ရဟတ်ယာဉ်တစင်းအားဖျက်စီးနိုင်ခဲ့သည့် ဓာတ်ပုံများကို ‌မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ရက် ၁၀၀ ပြည့်ချိန်တွင် ထုတ်ပြန်လာသည်။

အဆိုပါဓာတ်ပုံများတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်အပျက်အစီးများရှေ့၌ ညီနောင်သုံးဖွဲ့၀င်ဖြစ်သည့် AA တပ်ဖွဲ့၀င်များကို တွေ့ရသည်။

ဇန်နဝါရီလကုန်ပိုင်းက ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ရဟတ်ယာဉ်တစင်းကို AA က ပစ်ချနိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် မည်သည့်နေရာ၊ ဒေသ၊ နေ့ရက်၊ အချိန်များကို ထုတ်ဖော်‌ ပြောကြားထားခြင်း မရှိပေ။

ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများအရ စစ်ကောင်စီ၏ Mi 17 ရဟတ်ယာဉ် ဖြစ်နိုင်သည်ဟု စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး ရေးသားဖော်ပြနေသည့် Tactical Raptor 2.0 က ဖော်ပြထား သည်။

“ပုံမှာမြင်ရတဲ့ ရဟတ်ယာဉ်အပျက်အစီးရဲ့ Main rotor ကို တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ Mi-17 ရဲ့ ဒလက် ငါးခုပါ main rotor နဲ့ တူညီမှုရှိတယ်။ ရဟတ်ယာဉ်အရောင်ကလည်း စကစ Mi-17 တွေမှာ တွေ့ရလေ့ ရှိတဲ့ အစိမ်းရောင်ဖြစ်နေတယ်။ ရဟတ်ယာဉ်ကိုယ်ထည်မှာတွေ့ရတဲ့ ပြတင်းပေါက် windows တွေ ကလည်း MI-17 တွေမှာရတဲ့ အဝိုင်းပုံစံ ပြတင်းပေါက်တွေနဲ့ တူညီမှုရှိတယ်။ ဒီအချက်တွေကြောင့် AA တပ်ဖွဲ့ဝင်တွေ လက်ထဲမှာ တွေ့ရတဲ့ ရဟတ်ယာဉ်အပျက်အစီးက Mi-17 တစ်စီး အဖြစ်နိုင်ဆုံးပါ” ဟု ရေးသားဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီ၏ ဂျက်တိုက် လေယာဉ်များအပါအ၀င် ငါးစင်းပစ်ချနိုင်ခဲ့သည်။ မဇ္ဈိမကပြုစုထားသော စာရင်းများအရ အာဏာသိမ်းပြီး နောက်တွင် စစ်ကောင်စီတပ်မှ Mi-17 အမျိုးအစား ရဟတ်ယာဉ်နှစ်စီးပျက်စီးဆုံးရှုံးထားသည်ကိုတွေ့ရ ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်က ချင်းပြည်နယ် ဟားခါးမြို့အနီးတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်း များသယ်ဆောင်လာသည့် Mi-17 ရဟတ်ယာဉ် မတော်တဆပျက်ကျမှုနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက် နေ့က ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်အတွင်း ထောက်ပို့လုပ်ငန်းများလုပ်ဆောင်နေသည့် Mi-17 ရဟတ် ယာဉ်ကို KIA မှ ပစ်ချခဲ့ခြင်းတို့ဖြစ်သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး ထွက်ပေါ်ခဲ့သော ရုပ်သံမှတ်တမ်းများနှင့် ဓာတ်ပုံများကိုလေ့လာခဲ့ရာ တွင် ချင်းပြည်နည် ဟာခါးမြို့အနီး မတော်တဆပျက်ကျခဲ့သည့် Mi-17 ရဟတ်ယာဉ်မှာ ထင်းရှူးပင်များ အနီးတွင် ပျက်ကျခဲ့သည်ကို တွေ့ရပြီး KIA က ပစ်ချခဲ့သည် ရဟတ်ယာဉ်မှာ မီးလောပေါက်ကွဲပြီး ပျက်ကျ ခဲ့ခြင်းဖြစ်ပြီး အဆိုပါရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူများအနက် အချို့မှာ မီးလောင်သေဆုံးနေသည်ကို လူမှုကွန်ရက်၌ပျံ့နှံ့ခဲ့သော ပုံများအရ သိရသည်။

ယခု မြောက်ပိုင်းညီနောင်သုံးဖွဲ့ကထုတ်ပြန်ထားသည်ဆိုသောဓာတ်ပုံ၌ Mi-17 ရဟတ်ယာဉ်မှာ မီးလောင် ထားသည့်လက္ခဏာမတွေ့ရဘဲ ကိုယ်ထဲအများစုမှာ ပျက်စီးမှုမရှိသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီ ထောက်ခံသူလော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင်မူ မည်သည့်ရဟတ်ယာဉ်မှ ပစ်ချခံရခြင်းမရှိ ကြောင်း ဖော်ပြနေကြသည်။

စာတည်း။ ။စောဖေ