အမ်းမြို့နယ် နပခ စခန်းမှူးရုံးအပါအဝင် နေရာ ၄ ခုကို AA က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ၅ ဦး​သေဆုံး

ပုံအညွှန်း- AFP( ၂၀၂၃ ခုနှစ်​ နေပြည်​တော် တပ်မ​​တော်​နေ့အခမ်းအနားချီတက်ပွဲမှ စစ်​ကောင်စီတပ်သားများ)

ပုံအညွှန်း- AFP( ၂၀၂၃ ခုနှစ်​ နေပြည်​တော် တပ်မ​​တော်​နေ့အခမ်းအနားချီတက်ပွဲမှ စစ်​ကောင်စီတပ်သားများ)

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး(နပခ)ရှိ စခန်းမှူးရုံးအပါအဝင် အ​မြောက်တပ်၊ စစ်​ဆေးရုံနှင့် အဆင့်မြင့်ဆက်သွယ်​ရေးတပ်ရင်းတို့ကို အာရက္ခတပ်တော် (AA) က ယမန်နေ့ (ဧပြီလ ၂၆ ရက်) နေ့ ည ၈ နာရီတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့​ကြောင်း စစ်​ကောင်စီတပ်နှင့် နီးစပ်သော မဇ္ဈိမ၏ သတင်းရင်းမြစ်ထံက သိရသည်။

ယင်းသို့ပစ်ခတ်ရာတွင် ကျည်ကျ​ရောက်​သော အမ်းမြို့​ပေါ်အ​မြောက်တပ်မှ စစ်​ကောင်စီတပ်သား ငါးဦး​သေဆုံး​ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

” AA က ပစ်တာ ၁၂၀ မမ ​ဟောင်ဝှစ်ဇာနဲ့ ပစ်တာထင်တယ်။ မ​နေ့က နပခထဲက စခန်းရုံးနဲ့ဆက်သွယ်​ရေးတပ် ထိ​ပေမယ့် အ​သေးစိတ်အ​ခြေအ​နေမသိရ​သေးဘူး။ စစ်​​ဆေးရုံနဲ့ စရဖ ရုံးကြားထဲ တလုံးကျတယ်၊ အဲ့ဒါကအထိအခိုက်မရှိဘူး။ အ​မြောက်တပ်က ငါး​ယောက်​သေတာက သူတို့မိသားစုဝင်​တွေဆီက​နေ ဖုန်းဆက်​တော့ ညတွင်းချင်းသိရတာ၊ တပ်သားပဲလား အရာရှိပါလားဆိုတာ စုံစမ်းဆဲပါ”ဟု ၎င်းက​ပြောသည်။

တပ်သား​သေဆုံးမှုများကို အမ်းမြို့ရှိစစ်​ကောင်စီတပ်အ​နေဖြင့် တတပ်နှင့်တတပ်် သတင်းမ​ပေါက်ကြား​​စေရန် ဖုံးဖိထားခြင်း​ကြောင့် ​သေဆုံးသူများ၏ရာထူးအဆင့်များကို မသိရ​သး​ကြောင်း တပ်နှင့်နီးစပ်သော မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါထိခိုက်​သေဆုံးမှုရှိသည့် အ​မြောက်တပ်သည် နပခနှင့် တမိုင်​ လေးဖာလုံအကွာတွင်တည်ရှိပြီး စစ်​ကောင်စီ၏ ကဇူးကိုင်းတောဟိန်း​တောင်ဗျူဟာကုန်းနှင့် ၁၅ မိုင်အကွာတွင် တည်ရှိသည်။

တိုက်ခိုက်ခံရသည့် စစ်​ရေးပစ်မှတ်များအနက် နပခ စခန်းမှူးရုံးဆိုသည်မှာ ​တိုင်းမှူးရုံး၊ တိုင်းဦးစီးချုပ်ရုံး၊ ဦးစီးအရာရှိ (စစ်​ရေး/စစ်​ထောက်ဌာန)ရုံးများ လက်​အောက် အဆင့်​လေးဆင့်​မြောက်ရှိ စခန်းရုံး၏အခွဲ ဖြစ်သည်။

ထို့အပြင်​ နောက်ထပ် စစ်​ရေးပစ်မှတ်ဖြစ်သည့် အမှတ်(၈)အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းသို့ လက်နက်ကြီးကျ​ရောက်​ပေါက်ကွဲမှုမှာ ယခုဆိုလျှင်နှစ်ကြိမ်​မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပထမအကြိမ်တိုက်ခိုက်ခံရမှုတွင် ဗိုလ်မှူးအဆင့်အရာရှိတဦး သေဆုံး​သွား​ကြောင်းသိရသည်။

“ညက ၈ နာရီနဲ့ ၉ နာရီအထိ ပစ်တာကြားရတယ်။ ဒီ​နေ့​တော့ပစ်သံမကြားဘူး။​ နောက်ပြီး ကဇူးကိုင်းဘက်မှာလည်း တိုက်ပွဲဖြစ်​နေတယ်”ဟု အမ်းမြို့​ဒေသခံတဦးက​ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကလည်း အာရက္ခတပ်တော် (AA)သည် စစ်ရေးပစ်မှတ်များဖြစ်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းနှင့် အမ်းမြို့နယ် မီးသတ်ဦးစီးဌာနရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​သေးသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း AA အ​နေဖြင့် ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များနှင့် ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝဒေတို့ကို သိမ်းပိုက်ထားသည်။

လတ်တ​လောအ​​ခြေအ​နေအရ ရခိုင်ပြည်နယ်ရှိ ​အမ်းမြို့အပါအဝင် သံတွဲမြို့၊​ ဘူးသီး​​တောင်၊​ မောင်​တောမြို့တို့တွင် တိုက်ပွဲပြင်းထန်​နေ​ကြောင်း အာရက္ခတပ်​တော်(AA)က ယမန်​နေ့ကထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)