တော်လှန်ရေးအတွက် မျှော်လင့်ချက်အရှိဆုံး ကာလဖြစ်ကြောင်း ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်သုံး ၃ ဖွဲ့ သဝဏ်လွှာပေးပို့

မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့

ဂျူချန်း

မဇ္ဈိမ။ ။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ KIO/KIA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ ပြည့်မြောက်ပါစေကြောင်းနှင့် ကျချင်လူထုတရပ်လုံး လိုက်လားသည့် မျှော်လင့်ချက်များ ပြည့်ဝပါစေကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ သဝဏ်လွှာ ပေးပို့ထားသည်။

ယင်းသဝဏ်လွှာအတွင်းတွင် ဗမာလူမျိုးကြီးဝါဒကို ဗမာလူမျိုးများကိုတိုင် တော်လှန်နေကြသဖြင့် စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် လက်ရှိကာလသည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် မျှော်လင့်ချက်အရှိဆုံးကာလဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA ကို ဖွဲ့စည်းချိန်မှ ယနေ့ချိန်ထိ တော်လှန်ရေးကာလတွင်း အသက်နှင့် ခန္ဓာ စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ကချင့်အာဇာနည်၊ ကချင်သူရဲကောင်းများကို ဦးညွှတ်အလေးပြုကြောင်းကိုလည်း ဖော်ပြထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အပါအဝင် ညီနောင်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးပတ်မတော် TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်) MNDAA တို့သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဖြစ်ကြသည်။

ကချင်တော်လှန်ရေးနေ့နှင့် ပတ်သက်၍ ကချင်လူငယ်တဦးဖြစ်သူ Kachin National Forum မှ Zau Tang (ဇော်တန်င်) က ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ဆို ကျနော်တို့ ကျချင် တော်လှန်ရေး လုပ်နေတာ ၆၃ နှစ်ရှိပြီပေါ့နော်။ တော်လှန်ရေးကတော့ မတရားခံနေရတာကနေ ဖြစ်လာတာပေါ့။ ကျနော်တို့အနေနဲ့ကတော့ မတရားမှုတွေခံနေရသမျှ တော်လှန်သွားမှာပါ” ဟု Zau Tang (ဇော်တန်င်) က မဇ္ဈိမကို ပြောသည်။

ပင်လုံကတိကဝတ်ဖောက်ဖျက်မှု၊ ကချင်အမျိုးသားတရပ်လုံးအပေါ် ဖိနှိပ်မှုနှင့် စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ထိုနေ့ကို ကချင်တော်လှန်ရေးနေ့ဟု သတ်မှတ်ကာ ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးရှိ ကရင်လူမျိုးများသည် ကချင်တော်လှန်ရေးနေ့ အထိန်းအမှတ် အခမ်းအနားကို ကျင်းပကြကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် KIO ဌာနချုပ် လိုင်ဇာနှင့် မာန်ဂျာယန်တို့တွင်သာ ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပကြတော့ကြောင်း Zau Tang က ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် နှင့် ရှမ်းမြောက်မြို့နယ်အချို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဇန်နဝါရီလ တလအတွင်း KIA မှ စစ်ကောင်စီ၏ လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်နေ့တွင် ဝိုင်းမော်မြို့၌ Mi 17 ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့တွင် FTC2000G တိုက်လေယာဉ်တို့ကို ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဒေသအနီးတွင် ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်