မင်္ဂလာဒုံလေတပ်အရာရှိလူပျိုဆောင်နှင့်ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ပုံအညွှန်း- မင်္ဂလာဒုံ လေတပ်တနေရာ (ဓါတ်ပုံ- ပုံဟောင်း)

ပုံအညွှန်း- မင်္ဂလာဒုံ လေတပ်တနေရာ (ဓါတ်ပုံ- ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်အရာရှိလူပျိုဆောင်နှင့်ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Dark Shadow မြို့ပြပျောက်ကျားအဖွဲ့တာဝန်ခံ ရဲဘော်အရိပ် (ပန်ဒါ)က မဇ္ဈိမကို ပြောသည်။

Urban Freedom(မြို့ပြလွတ်မြောက်ရေး) စစ်ဆင်ရေးအဖြစ် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့၊ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် မင်္ဂလာဒုံလေတပ်အရာရှိလူပျိုဆောင်ကိုဗုံးသီးနှစ်လုံး၊ ပြည်ခိုင်ဖြိုးပါတီရုံးကို ဗုံးသီးတလုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိသည်ဟု ရဲဘော်အရိပ်ကပြောသည်။

” အချိန်(ပစ်ခတ်တိုက်ခိုက်ချိန်) အနည်းငယ်တော့ကွာမယ်ဗျ။ အထိအခိုက်က အတိကျမသိရသေးတာပါ။ သေမသေ၊ ထိတာကထိတယ်” ဟု ၎င်းကပြောသည်။

မင်္ဂလာဒုံမြို့နယ်ကြံ့ခိုင်ရေးပါတီရုံးသည် ရပ်ကွက်(၂)၌ ရှိပြီး ပေါက်ကွဲသံ ကျယ်လောင်စွာကြားခဲ့ရသည်ဟု ဒေသခံအချို့ကပြောသည်။

ည ၈ နာရီဝန်းကျင်တွင် မင်္ဂလာဒုံလေတပ်လူပျိုဆောင်နှင့်ကြံ့ခိုင်ရေးရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြနေသည့် Eagles News တယ်လီဂရမ်ချန်နယ်က ဖော်ပြထားသည်။

Dark Shadow အဖွဲ့အနေဖြင့် နိုင်ငံတဝှမ်းတိုက်ပွဲဝင်နေကြသော တော်လှန်ရေးရဲဘော်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကာ မြို့ပြရှိ စစ်ကောင်စီနှင့် ပြည်သူကိုဖိနှိပ်အကြပ်ကိုင်ဒုက္ခပေးနေသည့် စစ်ကောင်စီအစွယ်အပွားများကို အမြစ်ပြတ်သည်အထိ ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ ညကလည်း Urban Freedom စစ်ဆင်ရေးအနေဖြင့် လှိုင်သာယာမြို့မရဲစခန်းကို Dark Shadow အဖွဲ့က လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စာတည်း – အေးချမ်း