စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာမှ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းကွဲရွာနေအိမ်များ အကြိမ်ကြိမ်မီးရှို့ခံခဲ့ရသည်(ပုံဟောင်း) Photo CJ

007

(မဇ္ဈိမ)။ ။စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာမှ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းမြို့မြောက်ဘက်ရှိ ပျူစောထီးအင်အားကောင်းသောကြွယ်ပုံကျေးရွာတွင် အထိုင်ချတပ်စွဲထား သည့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက် ယမန်နေ့ နံနက်အစောပိုင်းတွင် ဒီပဲယင်းကွဲကျေးရွာသို့ ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်ပြီးမီးရှို့ရာမှ နေအိမ် ၁၇ လုံး မီးလောင်ပြာကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှမရှိဘဲ အသားလွတ် ဝင်မီးရှို့သွားတယ်။ ရုတ်တရတ်ဆိုတော့ ဘာမှယူမလာနိုင်ဘဲ ကိုယ် လွတ်ရုန်းထွက်ပြေးခဲ့ရတယ်။ နောက်ကလိုက်လာသူတွေအပြောအရ အိမ် ၁၇ လုံးပြာကျတယ်လို့ သိရ တယ်။ တော်တော်များများကတော့ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးကြတာပေါ့” ဟု စစ်ကိုင်းမြို့ သို့စစ်ရှောင်လာသည့် ဒီပဲယင်းကွဲကျေးရွာမှ ဒေသခံတဦးကပြောသည်။

“ကြွယ်ပုံမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က စစ်ကိုင်းမြောက်ခြမ်းကရွာတွေကို မထင်ရင်မထင်သလို မီး ဝင်ဝင်ရှို့နေတာကြာပြီ။ မနေ့ကဖြစ်စဉ်မှာဆိုရင် အကြောင်းမဲ့ဝင်လုပ်သွားတာ။ ညကအထိ သတင်းအရ ၁၇ လုံးပြာကျသွားတယ်။ လောလောဆယ်တော့ အဲဒီဘက်ရွာတွေ ပိတ်ဆို့ခံထားရလို့ ဘာသတင်းမှ ထပ် မရသေးဘူး။ အင်တာနက်လိုင်းမကောင်းတော့ ဆက်သွယ်ရလည်း ခက်နေတယ်။ လွတ်မြောက်လာတဲ့ မိသားစုတွေက ရွာမှာကျန်ခဲ့သူတွေအတွက် စိတ်ပူနေကြတယ်” ဟု စစ်ကိုင်းမြို့ခံ တော်လှန်ရေးသတင်း ရင်းမြစ်က ပြောသည်။

ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ခဲ့ခြင်းကြောင့် ယမန်နေ့ညနေပိုင်းအထိ ဘေး လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အင်တာနက်လိုင်းများပြတ်တောက်နေသဖြင့် လက်ရှိအခြေအနေ ကို မသိရသေးကြောင်း ထွက်ပြေးလာသူများက ဆိုသည်။

ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်သည် ထွက်မပြေးနိုင်အောင် တားဆီးပိတ်ဆို့ခြင်းများရှိသဖြင့် ပိတ်မိ ကျန်ရစ်သူများအတွက် စိုးရိမ်ပူပန်နေကြကြောင်းလည်း သိရသည်။

စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်းမှ အိမ်ခြေ ၁,၀၀၀ နီးပါးရှိ ဒီပဲယင်းကွဲကျေးရွာကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို အသက် ၄၄ နှစ်အရွယ် အရပ်သားတစ်ဦးကိုလည်း ဦးခေါင်းနှင့်ခန္ဓာကိုယ် အစိတ်အပိုင်းများအားဖြတ်တောက်ပြီး သတ်ဖြတ်ခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့တွင် ဒီပဲယင်းကွဲကျေးရွာမှ နေအိမ်ငါးလုံး၊ စက်တင်ဘာလ ၂ ရက်နေ့ တွင် ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံ ၁၆ လုံး ကို စစ်ကောင်စီတပ်က မီးရှို့ဖျက် ဆီးခဲ့ကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄၀ ကျော်မှ အိမ်ခြေသုံး ၃,၀၀၀ ထက် မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများ ထုတ်ပြန် သည့် သတင်းအချက်အလက်များအရ သိရသည်။

စာတည်း။ ။စောဖေ