ဒီးမော့ဆိုမှ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ၊ စက်သေနတ်ဖြင့်ပစ်ခတ်မှု ကလေး ၄ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

ဓာတ်ပုံ − Jobs For Kayah

ရွှေနွယ်

(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ဒေါဆီအီကျေးရွာရှိ စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်းသို့ ယနေ့ ဖေဖော်ဝါရီလ ၅ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပစ်ခတ်ရာ ကလေးငယ်လေးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိသွားသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် Jobs For Kayah မှ တာဝန်ရှိသူကမဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ ဂျက်ဖိုက်တာနှစ်စင်းက ဒေါဆီအီကျေးရွာစာသင်ကျောင်းအပါအဝင် နေရာနှစ်ခုသို့ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ဒီးမော့ဆိုမြို့နယ်တဝိုက်တွင် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းနှင့် စစ်ကောင်စီသည် စာသင်ကျောင်းသို့ ဦးတည်တိုက်ခိုက်ခြင်းဟု Jobs For Kayah မှ တာဝန်ရှိသူကပြောသည်။

၎င်းက “ဒီးမော့ဆိုတဝိုက်မှာ ဘာတိုက်ပွဲမှမရှိဘူးဗျာ။ တိုက်ပွဲဆိုတာ လွိုင်ကော်မြို့ထဲမှာပဲရှိတယ်။ အဲ့ဒီစာသင်ကျောင်းနဲ့အနီးပတ်ဝန်းကျင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဘာစစ်စခန်းမှ မရှိဘူးဗျာ” ဟု ဆိုသည်။

ဂျက်ဖ်ိုက်တာနှစ်စီးသည် စာသင်ကျောင်းရှိရာသို့ ထိုးဆင်းပျံသန်းလာပြီး ဗုံးမကြဲမီစက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

” ကလေးတွေရှောင်ချိန်မရလိုက်ဘူး။ အဲ့ဒီမှာ ကလေးတွေအတွက် ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေတူးထားတာမျိုးတွေရှိတယ်။ ဒါပေမယ့် ကလေးတွေပြေးချိန်မရလိုက်ဘူး” ဟု Jobs For Kayah တာဝန်ရှိသူကဆိုသည်။

သေဆုံးသူကလေးငယ်လေးဦးသည် အသက် ၁၁ နှစ်မှ ၁၄ နှစ်ကြား ယောက်ျားလေးများဖြစ်ပြီး ၎င်းတို့၏ အမည်နှင့်အသေးစိတ်အချက်အလက်များကို လတ်တလော မသိရှိရသေးပေ။ထို့ပြင် နောက်ထပ် ကလေးငယ် ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါစာသင်ကျောင်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပြီး မီတာနှစ်ရာပတ်ဝန်းကျင်ရှိ မူကြိုကျောင်းလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရသည်။ထို့ပြင် စစ်ကောင်စီသည် လွိုင်နန်းဖကျေးရွာဘက်သို့လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးမှုကို မသိရှိရသေးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီက တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ စစ်ကောင်စီကို ထောက်ခံရေးသားနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ကရင်နီပြည်နယ်အတွင်း ဖားဆောင်း၊ ဘော်လခဲနှင့် လွိုင်ကော်မြို့အခြေအနေများကို ရေးသားဖော်ပြလျက်ရှိသော်လည်း ဒီးမော့ဆိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ဖော်ပြထားခြင်းမရှိသေးပေ။

” သတင်းတိတိကျကျမစုံစမ်းဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကလေးငယ်တွေ စာသင်ကျောင်းတွေကို ဒီကောင်တွေရက်ရက်စက်စက်လုပ်တာကိုတော့ တော်တော်လေးကို ခံပြင်းဒေါသထွက်တယ်” ဟု Jobs For Kayah မှ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့်၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အရပ်သားပစ်မှတ်များကိုလေကြောင်းတိုက်ခိုက်မှု၅၈၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၈၉၇ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇန်နဝါရီလ ၁၂ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း