နဂါးတွင်း တိုက်ပွဲတွင် ကျဆုံးသွားသော အောင်ဆန်းတပ်ဖွဲ့၊ တပ်စိတ်မှူး၏ ဈာပန အခမ်းအနား

လွှမ်းမိုး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်အခြေစိုက်၊ မုံရွာခရိုင် အမှတ် (၅) တပ်ရင်း ( Aung San Force) တပ်ဖွဲ့မှ တပ်စိတ်မှူး စိုးမြတ်မင်း (ခ) အာဗြဲ၏ စျာပနကို ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တပ်စိတ်မှူး စိုးမြတ်မင်းသည် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မုံရွာမြို့နယ် နဂါးတွင်း ကျေးရွာအနီးတိုက်ပွဲတွင် လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ဆေးကုသမှူ ခံယူနေစဉ် ကျဆုံးသွားခြင်း ဖြစ်သည်။

“ကျွန်မသားကို ဘယ်သူတွေက ဘာပဲပြောပြော ကျွန်မက ဂရုမစိုက်ပါဘူး” ဟု တပ်စိတ်မှူး၏ မိခင်ဖြစ်သူက ပြောပြီး “တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သားအတွက် ဂုဏ်ယူတယ် ”ဟု ကြောင်းလည်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီအချိန်က လယ်တော်ရွာနှင့် နဂါးတွင်းကျေးရွာကြားတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ သုံးနာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

“ကျောင်းနေရမည့် အရွယ်တွေမှာ အာဏာရူးနေတဲ့ လူတစုကြောင့် လူငယ်လေးတွေ သေနတ်ကိုင်နေကြရတာပါ၊ အိမ်က လူတွေအပေါ်သာ ကလေးတယောက်လို ဂျီကျ၊ စနောက်နေပေမယ့် တော်လှန်ရေးကြီးမှာ ကျရာတာဝန်ကနေ ရွတ်ရွတ်ချွန်ချွန် ပါဝင်နေတာ ဖြစ်ပါတယ်၊ စစ်အုပ်စုသာ အာဏာမရူးခဲ့ရင် ကျွန်မတူလေး ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံရမှာ မဟုတ်ဘူး” ဟုလည်း ကျဆုံးသွားသော တပ်စိတ်မှူး၏ အဒေါ်ဖြစ်သူက ဆိုသည်။

အဆိုပါ စျာပနတွင် ကျဆုံးတပ်စိတ်မှူးကို အမိန့်ပြန်တမ်း ထုတ်၍ တမိနစ်ခန့် ငြိမ်သက် အလေးပြုပြီး ၊ သေနတ်ပစ်ဖောက် ဂုဏ်ပြုကာ ကျန်တပ်ဖွဲ့ဝင်များက မပြီးပြတ်သေးသည့် တော်လှန်ရေးကြီးကို အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဟု ကတိသစ္စာပြု အလေးပြုခဲ့ကြောင်း Aung San Force တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်