တရုတ် ၏ လုံခြုံရေးသဘောတူညီချက် ကတိကဝတ်ကို မယုံကြည်ရန် ပါပူဝါနယူးဂီနီ ကို အမေရိကန် သတိပေး

ပါပူဝါနယူးဂီနီနိုင်ငံ မော်စဘီ ဆိပ်ကမ်းတွင် ပြီးခဲ့သည့် လက ဖြစ်ပွားခဲ့သော ဆန္ဒပြမှုနှင့် အဓိကရုဏ်းများကြောင့် လုယက်မှုနှင့် မီးရှို့မှုများ ဖြစ်ခဲ့ပြီး အဆောက်အအုံမှ မီးခိုးများ ထွက်နေသည်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ- Femli Studio via Reuters

Asia/Australasia

တရုတ် က ကမ်းလှမ်းသည့် လုံခြုံရေးသဘောတူညီချက်ကို ပယ်ဖျက်ရန် အကြီးတန်း အမေရိကန် နိုင်ငံခြားရေးဌာနမှ အရာရှိတဦးက ပါပူဝါနယူးဂီနီအား တိုက်တွန်းပြီး တရုတ် ၏ လုံခြုံရေးအာမခံချက် များသည် အကျိုးဆက်များနှင့် ဆုံးရှုံးနစ်နာမှုများရှိကြောင်း သတိပေးလိုက်သည်။

“ကာကွယ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေမှာ တရုတ် နှင့် သဘောတူညီချက်တွေ က ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိလာတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ အဲဒါက ပါပူဝါ နယူးဂီနီ(PNG) ကို အသိပေးချင်ပါတယ်” ဟု အမေရိကန် သံယံဇာတအရင်းအမြစ် စီမံခန့်ခွဲမှု ဌာန လက်ထောက် ဝန်ကြီး ရစ်ချက် ဗားမား က ဖေဖေါ်ဝါရီ ၅ ရက် တွင် ထုတ်ပြန်သော Sydney Morning Herald သတင်းဌာန နှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

ဖြစ်လာနိုင်ချေရှိသော လုံခြုံရေးသဘောတူညီချက်အတွက် တရုတ် နှင့် အစောပိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် PNG နိုင်ငံခြားရေးဝန်ကြီး ဂျက်စတင် တချန်ကို က ပြောကြားသည်။ တရုတ်သည် PNG ရဲတပ်ဖွဲ့အား လေ့ကျင့်ရေး၊ စက်ကိရိယာများ နှင့် စောင့်ကြည့် နည်းပညာ အကူအညီများပေးရန် ကမ်းလှမ်းထားကြောင်း တချန်ကို က ပြောကြားသည်။

အမေရိကန်နှင့် မဟာမိတ် သြစတြေးလျတို့သည် ပစိဖိတ်ဒေသကို ၎င်းတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်အဖြစ် ဆယ်စုနှစ်များစွာ ရှုမြင်ခဲ့ကြပြီး ၂၀၂၂ တွင် တရုတ် က ကျွန်းစုနိုင်ငံများနှင့် လုံခြုံရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်နှင့် ကျွန်းနိုင်ငံများကြား လုံခြုံရေး သဘောတူညီချက်များကို တားဆီးရန် ကြိုးပမ်းလာသည်။

၎င်းသည် သယံဇာတပေါကြွယ်ဝသောဒေသတွင် သြဇာလွှမ်းမိုးရန် ပြိုင်ဆိုင်မှုတခုဖြစ်ပြီး “ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရမည်” ဟု ဗားမား က တောင်ပစိဖိတ်ဒေသမှ အလည်အပတ် ရောက်ရှိပြီးနောက် လွန်ခဲ့သည့် သီတင်းပတ်တွင် သြစတြေးလျ၌ ပြောကြားခဲ့သည်။

ယခုသီတင်းပတ်နှောင်းပိုင်းတွင် PNG ဝန်ကြီးချုပ် ဂျိမ်းမာရာပီ သည် သြစတြေးလျပါလီမန်သို့ သွားရောက်ပြီးနောက် ၎င်း ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သြစတြေးလျနှင့် အမေရိကန်တို့သည် လုံခြုံရေး မိတ်ဖက်များ ဖြစ်ပြီး တရုတ်သည် အရေးကြီးသော စီးပွားရေး မိတ်ဖက်ဖြစ်ကြောင်း PNG က ယခင်က ပြောကြားခဲ့သည်။

“လုံခြုံရေး အစီအစဉ် ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ မှာ နိုင်ငံတကာ စံနှုန်းတွေ၊ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက်မှုကို ရွေးချယ်တာ မြင်ချင်ပါတယ်” ဟု ဗားမား က ဆိုသည်။

“တရုတ်က ဒါတွေကို အလေးထား မလုပ်ဆောင်ဘူးဆိုတာ ပြသခဲ့တယ်။ တရုတ်က ခေတ်မီ စည်းမျဥ်း စည်းကမ်းတွေကို စိတ်မဝင်စားကြောင်း ပြသခဲ့တယ်။”

“အာဏာရှင်အစိုးရများ၏ မယုံကြည်ရသော ကတိကဝတ်များ” နှင့် ပတ်သက်၍ ၎င်းက သတိပေးခဲ့ပြီး တရုတ်နှင့် ရင်းနှီးမြှပ်နှံမှု အစီအစဉ်များတွင် နိုင်ငံများသည် “ကြွေးမြီထောင်ချောက်” အတွင်း ကျဆင်းနိုင်ကြောင်း ပြောကြားခဲ့သည်။