ထားဝယ်မြို့ စစ်ကောင်စီတပ်စခန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက် ၂ ဦးသေဆုံး

ဗထူးတပ်မတော်ပုံ

ဗထူးတပ်မတော်ပုံ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့စစ်စခန်း တခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ဗထူးတပ်မတော်နှင့် ထားဝယ်စုပေါင်းစစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဗထူးစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဗထူးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့သည့် ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ် (၄၀၁) ခြေမြန်တပ်ရင်းနှင့် အမှတ် (၄၀၂) ခြေမြန်တပ်ရင်းနှင့် ကပ်လျက်ရှိ မယ်ဝေးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းကို ဗထူးတပ်မတော် (BHA) နှင့် ထားဝယ်စုပေါင်း စစ်ကြောင်း (DCC)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က နှစ်ဦး သေဆုံးကာ စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး သာသနာ့နယ်မြေဖြစ်သည့်အတွက် စခန်းကုန်းအား မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သေတာကတော့ နှစ်ဦးပါ၊ အဲစခန်းမှာ ပုံမှန်အားဖြင့် အများဆုံး ၁၀ ဦးနီးပါးလောက် ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သွားတိုက်တဲ့ အချိန်မှာ ငါးဦးလောက်ပဲ ရှိတယ်၊ ကျန် သုံးဦးကတော့ ထွက်ပြေး သွားတယ်”ဟု ဗထူးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ထက်မြက်က ပြောသည်။

လက်ရှိတွင် ယင်းစခန်းအား စစ်ကောင်စီတပ်ဘက်က အနီးဝန်းကျင်တွင် စစ်ဆေးမှုများပြုလုပ်နေပြီး ပြန်လည်တပ်စွဲနိုင်ခြေရှိကြောင်း ရဲဘော် ထက်မြတ်က ဆက်ပြောထားသည်။

ထားဝယ်မြို့နယ်အတွင်း ယခုအကြိမ် စခန်းသိမ်းတိုက်ပွဲ သည်၊ ဒုတိယမြောက် စခန်းသိမ်းတိုက်ပွဲဖြစ်ကြောင်း ဆိုသည်။

ထိုကြောင့် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီတပ်ဘက်က ထိနာနေမှုများရှိနေပြီ စစ်ရေးတင်းမားနေမှုများလည်းရှိနေကာ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုနေ၍ ပြည်သူများ လေကြောင်းရန်ကာကွယ်ဖို့ အထူးအရေးကြီးကြောင်း အထက်ပါသတင်းနှင့် ပြန်ကြားရေးက တိုက်တွန်းပြောဆိုထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)