နန့်ယားစစ်ကောင်စီ တပ်စခန်းကို KIA တိုက်ခိုက်

KIA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-ပုံဟောင်း)

အဂမ်

(မဇ္ဈိမ)။ ။ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ် နန့်ယားကျေးရွာရှိ စစ်ကောင်စီ စခန်းကို KIA နှင့် KPDF ပူးပေါင်းအဖွဲ့က ယနေ့ ဧပြီလ ၉ ရက်တွင် တိုက်ခိုက်နေကြောင်း KIA အဖွဲ့ဝင် သတင်းရင်းမြစ်ထံက သိရသည်။

“ဟုတ်တယ် အခုချိန်အထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ လေယာဥ်နဲ့လည်း လာချနေတုန်းပဲ ” ဟု KIA သတင်းရင်းမြစ်က ယနေ့ နေ့လယ်ပိုင်းက ဆိုသည်။

တိုက်ပွဲသည် မနက် ၆ နာရီခန့်မှ ညနေ ၃ နာရီ ဝန်းကျင်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေယာဥ်ပစ်ကူဖြင့် နန့်ယားကျေးရွာတွင်း ပစ်ခတ်နေကြောင်း သိရသည်။

ထိုကျေးရွာတွင် စစ်ကောင်စီ၏ ခမရ (၁၂၀ ) နှင့် ရှမ်းနီဌာနေ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းအခြေချထားသည့် တပ်စခန်း ရှိပြီး ၎င်းစခန်းသည် ဖားကန့်- မြစ်ကြီးနား လမ်းပေါ်ရှိ အင်အားအများဆုံး စစ်ကောင်စီတပ်စခန်းဖြစ်ကြောင်း သိရသည်။

ထိုစခန်းမှ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ် အဖွဲ့သည် စစ်ဆေးရေးဂိတ်ဖွင့်ထားပြီး မြစ်ကြီးနား – ဖားကန့် ခရီးသွားပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

နန့်ယားကျေးရွာခံ အချို့ကလည်း နှစ်ဖက်တိုက်ပွဲများကြောင့် ရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးမှုများရှိကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။ တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး