၂၀၂၃ က အမျိုးသမီးအားကစားအတွက် ရုပ်သံပရိသတ် စံချိန်ချိုးခဲ့ကြောင်း Women’s Sport Trust အစီရင်ခံစာ ဖော်ပြ

၂၀၂၃ မှာ အမျိုးသမီးအားကစားကို ရုပ်သံကနေတဆင့် ကြည့်ရှုသူ ၄၆.၇ သန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သုတေသနအသစ်က ရှာတွေ့ခဲ့ပါတယ်။

အင်္ဂလန်အသင်း ဗိုလ်လုပွဲ ရောက်ရှိခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားအပါအဝင် တခြားပွဲတွေက ကြည့်ရှုသူအရေအတွက်ကို မြှင့်တင်ပေးခဲ့တာပါ။

၂၀၂၃ အတွက် ကြည့်ရှုသူစုစုပေါင်းက အရင်အကောင်းဆုံးနှုန်း ၂၀၁၉ ထက် တသန်းပိုများခဲ့ပါတယ်။

“အမျိုးသမီးအားကစားဟာ ဒီလုပ်ငန်းနယ်ပယ်အတွက် သတင်းကောင်းတခုဖြစ်တယ်။ ဒါက ငယ်ရွယ်တဲ့ အမျိုးသမီးပရိသတ်တွေကို ပိုပြီးဆွဲဆောင်နေပါတယ်”လို့ Women’s Sports Trust ရဲ့ CEO နဲ့ ပူးတွဲတည်ထောင်သူ တမ်မီပါလာက ပြောပါတယ်။

“ထူးခြားတဲ့ fanbase ကို ဆွဲဆောင်ဖို့ စတင်နေပြီဆိုတာ ပြသနေတာပါ။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အမျိုးသမီး အားကစားနဲ့အတူ သူတို့တွေရဲ့ ချိတ်ဆက်မှုကို တွန်းအားပေးတဲ့ စေ့ဆော်မှုကို ကျမတို့ နားလည်နိုင်လေလေ၊ ဒါက သူတို့အတွက် အားကစားကွင်းအတွင်းရော အပြင်မှာပါ ပိုကြွယ်ဝတဲ့ အတွေ့အကြုံတွေကို ဖန်တီးနိုင်စေပြီး နောက်ဆုံးမှာ သူတို့ရဲ့ ပရိသတ်ဖြစ်ခြင်း အခြေအနေ fandom ကို နက်ရှိုင်းစေမှာပါ။ “

ကိန်းဂဏာန်းတွေဟာ တနှစ်ပတ်လုံး ရုပ်သံကနေ အမျိုးသမီးအားကစားကို အနည်းဆုံး တမိနစ်ကြည့်ရှုသူ အရေအတွက်ကို ကိုယ်စားပြုပါတယ်။ ပျမ်းမျှကြည့်ရှုချိန်က ၁၆ ရာခိုင်နှုန်းဖြင့် တိုးလာကာ ၁၀ နာရီ ခုနစ်မိနစ်အထိ ရောက်ရှိခဲ့ပါတယ်။

ဘောလုံးဟာ ကြည့်ရှုချိန်ရဲ့ ၇၄ ရာခိုင်နှုန်းဖြင့် လူကြိုက်အများဆုံး အားကစားဖြစ်ခဲ့ပါတယ်။

စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲကို BBC One မှာ ကြည့်ရှုသူ ၁၂ သန်းရှိခဲ့ပြီး BBC TV ကနေ သတင်းယူတဲ့ ဒီပြိုင်ပွဲကို စုစုပေါင်းပရိသတ် ၂၁.၂ သန်းကြည့်ရှုခဲ့ပါတယ်။

အခကြေးငွေဖြင့် တီဗီမှာ လူကြည့်အများဆုံး အမျိုးသမီး အားကစားပွဲဟာ Solheim Cup  ဂေါက်ရိုက်ပြိုင်ပွဲရဲ့ သုံးရက်မြောက်ဖြစ်ခဲ့ပါတယ်။ Team Europe က စပိန်နိုင်ငံ အန်ဒါလူစီယာမှာ Team USA ကို သရေကျပြီး ဆုဖလားကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာပါ။

Women’s Super League (WSL) ဟာ ကြည့်ရှုမှု သန်း ၁၅၀ ဖြင့် ၂၆၈ ရာခိုင်နှုန်း တိုးမြင့်လာပြီးနောက် TikTok ပလက်ဖောင်းပေါ်မှာ ပြည်တွင်းအမျိုးသမီးလိဂ်ကို ဦးဆောင်နေတာကြောင့် TikTok က ဗီဒီယိုကြည့်ရှုမှု အကြီးမားဆုံး တိုးမြင့်လာစေဖို့ မောင်းနှင်ပေးခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာက ပြောပါတယ်။

၂၀၂၂ ထက် ၂၀၂၃ မှာ အမျိုးသမီး အားကစားပွဲတွေကို လူပိုအများ တက်ရောက်လာခဲ့ပြီး တက်ရောက်သူအရေအတွက်ဟာ ၂.၁ သန်းကနေ ၂.၆ သန်းအထိ တိုးလာတယ်လို့ ဈေးကွက်ရှာဖွေရေးအေဂျင်စီ Two Circles မှ ပေးတဲ့ အချက်အလက်တွေအရ သိရပါတယ်။

“ပိုမိုသိရှိနားလည်မှုနဲ့ ထိတွေ့ဆက်ဆံမှုကို တွန်းအားပေးဖို့အတွက် ဒီ industry ဟာ အဲဒီအခွင့်အလမ်းတွေကို အသုံးချဖို့ လိုအပ်ပါတယ်”လို့ ပါလာက ပြောပါတယ်။