ရိုးမဧရာ PDF အဖွဲ့ တာဝန်ခံကို စစ်ကောင်စီ ဖမ်းဆီးပြီး စစ်ကြောရေးတွင်  နေ့စဥ် နှိပ်စက်နေဟုဆို

ဖမ်းဆီးခံရသူ သူရိန်လင်း (ခေါ်) ကိုဇော်နိုင်ဝင်း

မင်းထက်

(မဇ္စျိမ) ။  ။ ဟင်္သာတ ခရိုင်အခြေစိုက်၊ ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရိန်လင်း(ခေါ်) ကိုဇော်နိုင်ဝင်းသည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံရပြီးနောက် စစ်ကြောရေးတွင် နေ့စဥ် နှိပ်စက်ခံနေရသည်ဟု သိရသည်။

စစ်ကြောရေးတွင် ပြင်းထန်စွာ နှိပ်စက်ခံနေရသည်ဟု ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အပြင် စစ်ကောင်စီနှင့် နီးစပ်သူကလည်း ပြောသည်။

“နေ့တိုင်းရိုက်စစ်နေတာ ဟိုတနေ့ကဆို နှိပ်စက်ခံရပြီး သတိလစ်သွားတာ တော်တော်ကြာတယ်။ အဲ့ဒီနေ့ကဆို သေတယ်လို့လည်း သတင်းတွေထွက်သွားတယ်။ နောက်ဆုံးကြားတာကတော့ သူရိန်လင်း စစ်ကြောရေးမှာပဲရှိပါသေးတယ်”ဟု စစ်ကောင်စီနှင့် နီးစပ်သူကပြောသည်။

လက်ရှိတွင် ၎င်းသေဆုံးပြီဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အပါအဝင် စစ်ကောင်စီနှင့် နီးစပ်သူကလည်း ထိုသတင်း မဟုတ်မှန်ကြောင်း ပြောသည်။

ကိုဇော်နိုင်ဝင်းသည် မတ်လ ၂၈ ရက်၊ နံနက် ၈ နာရီခန့်က ကြံခင်းမြို့၊ ပိုးစုကြီးကျေးရွာအုပ်စု၊ စပါးအိုးရွာတွင် အမျိုးသမီး တဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

စစ်မှုထမ်းရမည်ကို စိုးရိမ်သဖြင့် ရိုးမဧရာအဖွဲ့ထံ ခိုလှုံရန်လာသူ မြန်အောင်မြို့နယ်မှ အသက် ၂၀ ဝန်းကျင်အမျိုးသမီးအား သွားခေါ်စဥ် နှစ်ဦးလုံး ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်ဟု ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။

ထို့နောက် ကိုဇော်နိုင်ဝင်းကို   မြန်အောင် အမှတ်(၅၁) ခြေလျင်တပ်ရင်းသို့ စစ်ကောင်စီတပ်ဖွဲ့များက ခေါ်ဆောင်သွားကြောင်း၊ အမျိုးသမီးကိုမူ မည်သည့် နေရာသို့ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ကိုဇော်နိုင်ဝင်းကို ရိုက်နှက်စစ်ဆေးပြီး PDF စခန်းကို လိုက်ပြခိုင်းခဲ့သော်လည်း PDF အဖွဲ့ဝင်များက အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ကိုဇော်နိုင်ဝင်း အသက်အန္တာရယ်စိုးရိမ်ရလား ၊ ကောင်မလေးရော ဘယ်ရောက်နေလဲဆိုတာတွေ နေ့တိုင်းစုံစမ်းတယ်။ အဖွဲ့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”ဟု  ရိုးမဧရာတပ်ဖွဲ့ဝင်ကပြောသည်။

လက်ရှိတွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စုရှိ သစ်တောရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်စွဲထားသည်ဟုသိရပြီး အရပ်ဝတ်များဖြင့် လိုက်လံစုံစမ်းခြင်း၊ အရပ် သား ပြည်သူများကို PDF ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းများကို မကြာခဏ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး