ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသား ၂ ဦးကို သတ်ဖြတ်

ပုံအညွှန်း – စစ်ကောင်စီစစ်ကြောင်း ကြောင့် ရေဦးဒေသခံများထွက်ပြေးနေရစဉ်

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက် ပြီးနောက် အမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီ ကျော်တွင် ခင်ဦးမြို့နယ်ဘက်မှ ရေဦးမြို့နယ်အတွင်းသို့ ဝင်ရောက် လာသည့် စစ်ကောင်စီစစ်ကြောင်းက ကုက္ကိုစုကျေးရွာသို့ဝင်ရောက်စဉ် ပိတ်မိနေသည့်အမျိုးသားနှစ်ဦးကို လည်လှီးသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“ စစ်ကောင်စီတပ်တွေ ကုက္ကိုစုရွာထဲနှစ်ဖက်ညှပ်ဝင်ပြီး အရပ်သားလူငယ်နှစ်ဦးကို ဖမ်းဆီး လည်လှီး သတ်ဖြတ်သွားတယ်” ဟု ဆိုသည်။

သတ်ဖြတ်ခံရသည့်အမျိုးသားနှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ကိုဇော်သိန်းထိုက်နှင့် အသက် ၃၁ နှစ် အရွယ် ကိုသိန်းသန်းကြွယ်တို့ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အခြားညှဉ်းပန်း နှိပ်စက်ထားသည့် ဒဏ်ရာများမတွေ့ရကြောင်း ကိုထူးခန့်ဇော်ကဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် ထိခိုက်ဒဏ်ရာရရှိထားသူများလည်းပါဝင်နေပြီး ကုက္ကိုစုကျေးရွာသို့ ကားဖြင့်လာရောက်ခေါ်ဆောင်သွားပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်းက ရေဦးမြို့နယ် အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများကပြောသည်။

“ ခင်ဦးနယ်ဘက်မှာ မိုင်းထိလာတဲ့ စစ်ကောင်စီတပ်သားတွေကို အထမ်းတွေနဲ့ကားပေါ်ပြန်တင်ပြီး ရေဦး ဆေးရုံကို ခေါ်သွားတယ်၊ ဆေးကုပေးနေတယ်လို့ကြားရတယ်” ဟု ဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ခလရ(၇၁)နှင့် ခမရ(၇၀၈)တို့ပူးပေါင်းထားသော ဘီလူးစစ်ကြောင်း ဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်းမှစတင်က ဒီပဲယင်း၊ ခင်ဦးနှင့် ရေဦးနယ်များကို လှည့်ပတ် စစ်ကြောင်းထိုးနေ ပြီး အရပ်သား ၁၄ ဦးကို သတ်ဖြတ်ထားသည်။

စာတည်း။ ။စောဖေ