ကလေးများ တင်ဆောင်ထားသည့် သံချပ်ကာကားရုပ်သံသည် မြန်မာနိုင်ငံက မဟုတ်

JC

(မဇ္ဈိမ)။ ။ သံချပ်ကာကားတစီးပေါ်မှာ စစ်ဝတ်စုံဝတ်ထားတဲ့ လူတဦးနဲ့ ကလေးတွေကိုတင်ဆောင်ထားတဲ့ ရုပ်သံတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီရုပ်သံကို “အော်ဇူ” ဆိုတဲ့ ဖေ့ဘုတ် အကောင့်ကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ “ခလေးတစ်အုပ်နဲ့ သံချပ်ကာတင့်ကားကြီး မောင်းနေတာ ပျော်စရာကြီး” လို့ ရေးသားထားပါတယ်။ မူရင်းဖြန့်ဝေမှုမှာ နေရာအတိအကျ မဖော်ပြထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ သံချပ်ကာလိုမျိုး ထပ်ဆင့်ဖော်ပြတာတွေရှိနေပါတယ်။ ဒီရုပ်သံဟာ ကြည့်ရှုသူ ၅၆,၀၀၀ ကျော်နဲ့ ကြိုက်နှစ်သက်သူ ၁၀၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေမှု ၄၆၀ ကျော်ရှိပါတယ်။

တခြားဖေ့ဘုတ်အကောင့်တွေကနေ “MNDAA ကတော့ ခလေးတစ်အုပ်နဲ့ သိမ်းထားတဲ့ သံချပ်ကာ တင့်ကားကို စမ်းသပ်မောင်းနေကြပြီ။ ပျော်စရာကြီး” လို့ရေးသားပြီး ကလေးတွေတင်ဆောင်ထားတဲ့ သံချပ်ကာကား ရုပ်သံကို ဖြန့်ဝေနေကြတာပါ။

ဒီရုပ်သံနဲ့ပတ်သက်ပြီး မဇ္ဈိမကနေ အချက်အလက်စစ်ဆေးခဲ့တာမှာ သံချပ်ကာကားပေါ်က စစ်ဝတ်စုံဝတ်ထားတဲ့ စစ်သားဟာ MNDAA တပ်သားမဟုတ်သလို ရုပ်သံကလည်း မြန်မာနိုင်ငံက မဟုတ်ပါဘူး။

ကလေးတွေကို တင်ဆောင်ထားတဲ့ သံချပ်ကာကားရုပ်သံကို မဇ္ဈိမက အချက်အလက် စစ်ဆေးခဲ့တာမှာ မြန်မာနိုင်ငံကမဟုတ်ဘဲ ထိုင်းနိုင်ငံ ကလေးများနေ့မှာ ထိုင်းစစ်တပ်က ကလေးတွေကို သံချပ်ကာကားပေါ်မှာ တင်ဆောင်သွားတဲ့ ဖြစ်စဉ်က ရုပ်သံပါ။ ပျံ့နှံ့နေတဲ့ ရုပ်သံနဲ့ တထပ်တည်းကျတဲ့ ရုပ်သံကို ရှာမတွေ့ပေမယ့် အနီးစပ်ဆုံး တူညီတဲ့ ရုပ်သံနဲ့ ပုံတွေကို တွေ့ရှိခဲ့ပါတယ်။
အဲ့ဒါက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းနိုင်ငံ ကလေးသူငယ်များနေ့က ပုံတွေပါ။ အဲ့ဒီပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့တာမှာ သတင်းရုပ်သံထဲမှာပါတဲ့ စစ်သားဝတ်စုံနဲ့ ကလေးတွေ၊ တင့်ကားပုံတွေဟာ ထိုင်းနိုင်ငံ ကလေးသူငယ်များနေ့က ပုံတွေနဲ့ တူညီနေတာကို တွေ့ရပါတယ်။
လင့် – t.ly/HGciA , t.ly/VmZgZ

Bankok Post သတင်းဌာနကနေ ကလေးသူငယ်များနေ့မှာ ကလေးတွေက ထိုင်းတော်ဝင်စစ်တပ်နဲ့အတူ စက်သေနတ်တွေ ဆော့ကစားနေတဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ လင့် – t.ly/wV8Dc

နောက်တချက်အနေနဲ့ တင့်ကားပေါ်က စစ်သားနဲ့ တင့်ကားအောက်မှာ ရပ်နေတဲ့ စစ်သားတွေရဲ့ ဝတ်စုံဟာ MNDAA က တပ်သားတွေရဲ့ ဝတ်စုံနဲ့ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်။
နောက်တခုကတော့ ဗီဒီယိုဖိုင်ထဲမှာ ပါဝင်တဲ့ ရေတိုင်ကီပါ။ အဲ့သလို ရေတိုင်ကီ ထိုင်းကိုနိုင်ငံမှာ အများဆုံး အသုံးပြုတာကိုလည်း တွေ့ရပါတယ်။

ဒီရုပ်သံဟာ မြန်မာနိုင်ငံက မဟုတ်ဘဲ ထိုင်းနိုင်ငံ ကလေးသူငယ်များနေ့က ရုပ်သံဖြစ်တဲ့အကြောင်းကိုလည်း အချက်အလက် စစ်ဆေးတဲ့ အဖွဲ့တခုဖြစ်တဲ့ တွေးပြီးမှယုံကလည်း အချက်အလက်စစ်ဆေးထားပါတယ်။ လင့် – t.ly/rngSo

ဒါကြောင့် ကလေးတွေတင်ဆောင်ထားတဲ့ သံချပ်ကာကားက မြန်မာနိုင်ငံက မဟုတ်သလို ရှမ်းမြောက်မှာ စစ်ကောင်စီဆီကနေ ညီနောင်သုံးဖွဲ့က သိမ်းဆည်းထားတဲ့ သံချပ်ကာကားလည်း မဟုတ်ပါဘူး။ ပျံ့နေတဲ့ ရုပ်သံဖိုင်ဟာ ထိုင်းနိုင်ငံ ကလေးသူငယ်များနေ့မှာ ကလေးတွေပျော်ရွှင်အောင် ထိုင်းစစ်တပ်က သံချပ်ကာကားတွေနဲ့ ကလေးတွေတင်ဆောင်လာတဲ့ ရုပ်သံပဲ ဖြစ်ပါတယ်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။